ဧရာဝတီတိုင်းမ်
ဇွန် ၁၂ ရက်
မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရသည် အရွယ်မရောက်သေးသူ ကလေးများကို အဓမ္မဖမ်းဆီး တပ်သားသစ် စုဆောင်းခြင်း ပြုနေပြီး အလုပ်သမား အခွင့်အရေး၊ လူ့အခွင့် အရေး ချိုးဖေါက်နေသည့်အတွက် ဆက်လက်အရေးယူသွားရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံ (ILC) က ဆုံးဖြတ်ချက်များ ချမှတ်လိုက်ကြောင်း သိရသည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ယမန်နေ့ ဇွန် ၁၁ ရက်၌ ကျင်းပခဲ့သည့် ILC ၏ (၁၁၄) ကြိမ်မြောက် အစည်း အဝေးတွင် မြန်မာ့အလုပ်သမား အခွင့်အရေးနှင့် လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ “မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေး” တစ်ရပ် ကျင်းပခဲ့ပြီး ထိုသို့အရေးယူမည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ ဇွန် ၁၂ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ အထူးအစည်းအဝေး၌ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်ကာကွယ် ရေးဆိုင်ရာ ကွန်ဗင်းရှင်း (အမှတ် ၈၇) နှင့် အဓမ္မလုပ်အားပေးခိုင်းစေမှုဆိုင်ရာ ကွန်ဗင်းရှင်း (အမှတ် ၂၉) တို့ကို ရွေးတုအစိုးရက လိုက်နာခြင်းမရှိဘဲ ပြင်းထန်စွာ ချိုးဖောက်နေမှုများအပေါ် အဓိကထား၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အထူးသဖြင့် စစ်အာဏာသိမ်းပြီး ငါးနှစ်တာကာလအတွင်း အရပ်ဘက်လွတ်လပ်ခွင့်များ ပျက်စီး ယိုယွင်း လာမှု၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် တက်ကြွလှုပ်ရှားသူများအပေါ် အကြမ်းဖက်ခြင်း၊ မတရားဖမ်းဆီး ညှဉ်းပန်းခြင်း၊ ခြိမ်းခြောက်ခြင်းများအပြင် စစ်အုပ်စု၏ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲအပေါ် နက်ရှိုင်းစွာ စိုးရိမ်ပူပန်မှုများရှိဟု မှတ်ချက်ပြုကြောင်း သိရသည်။
ထို့အပြင် အရွယ်မရောက်သေးသူ ကလေးများအား အဓမ္မစစ်မှုထမ်း စုဆောင်းခြင်းနှင့် အခြားအဓမ္မ လုပ်အား ပေးခိုင်းစေမှု ပုံစံများအပါအဝင် အဓမ္မလုပ်အားပေး ခိုင်းစေမှုများကိုလည်း စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရမှ ဆက်လက်အသုံးပြုနေသဖြင့်ကော်မတီက ရှုတ်ချခဲ့ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကော်မတီသည် မြန်မာစစ်တပ် အာဏာပိုင်များအနေဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြု ချက်များအပေါ် မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ထားသည်ဟူသော အချက်အလက် အပြည့်အစုံကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့ထက် နောက်မကျစေဘဲ ILO ညွှန်ကြား ရေးမှူးချုပ်ထံ တင်ပြရန် တောင်းဆိုထားကြောင်း သိရသည်။
အဆိုပါ တင်ပြချက်များကို လာမည့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် (၃၅၈) ကြိမ်မြောက် ILO အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး၌ တင်ပြဆွေးနွေးသွားမည်ဖြစ်ပြီး ယခုအထူးအစည်းအဝေး ဆွေးနွေးချက်နှင့် နိဂုံးချုပ် ဆုံးဖြတ်ချက်များအား ညီလာခံအစီရင်ခံစာ၏ သီးခြားကဏ္ဍတစ်ခုအနေဖြင့် ထုတ်ပြန်ကြေညာသွားမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – NUG