ဧရာဝတီတိုင်းမ်
ဇွန် ၁၂ ရက်

 

လက်ရှိကျင်းပနေသောကမ္ဘာ့ဖလားပြိုင်ပွဲများမူပိုင်ခွင့်ကို စစ်အုပ်စုလက်အောက်ရှိ Mytel ကိုပေးသည့်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ( FIFA) ကို Justice For Myanmar (JFM) က ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ဇွန် ၁၂ ရက်တွင် ထုတ်ပြန်သည်။

 

ကမ္ဘာ့ဖလားပြိုင်ပွဲများကိုဦးစီးကျင်းပနေသော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ( FIFA) အနေဖြင့် သွေးနှင့် အဂတိ လိုက်စားမှုများစွန်းထင်နေသည့် Mytel တံဆိပ်ကိုပုံရိပ်ကောင်းစေရန်ဖန်တီးပေးနေပြီး လိုက်နာ ရမည့်လူ့အခွင့်အရေးအပေါ်ပျက်ကွက်နေကြောင်း JFM က FIFA ကို ရှုတ်ချထားသည်။

နိုင်ငံတကာက၏ ပိတ်ဆို့အရေးယူခံရသော စစ်တပ်ပိုင်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ( MEC) အောက်ရှိ ဆက်သွယ်ရေးအော်ပရေတာ Mytel သည် စစ်တပ်အတွက် ဝင်ငွေအမြောက်အမြား ရရှိစေသည့် အရင်းအမြစ် တစ်ခုဖြစ်သည်။

 

Mytel သည် မြန်မာစစ်တပ်အား ငွေကြေးထောက်ပံ့ခြင်းနှင့် ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ်များဖြင့် စစ်တပ်ကျူးလွန်နေသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကို ကူညီနေကြောင်း JFM က ဆိုသည်။

FIFA သည် စစ်တပ်ခရိုနီ မက်စ်မြန်မာပိုင်ရှင် မြန်မာဘောလုံးအသင်းဥက္ကဋ္ဌ ဦးဇော်ဇော်ကို ဖီဖာ၏ လူမှုရေးတာဝန်ယူမှုဆိုင်ရာကော်မတီဥက္ကဋ္ဌအဖြစ် မဆင်မခြင်ခန့်အပ်ပြီးနောက် ယခုလိုစစ်တပ်ပိုင် Mytel ဖြင့်စီးပွားရေးလုပ်ကိုင်ရန် ထပ်မံဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

 

ဆက်သွယ်ရေးအော်ပရေတာ Mytel သည် လုပ်ငန်းစတင်လည်ပတ်သော ငါးနှစ်မှ ကိုးနှစ်ကာလ အတွင်း စစ်တပ်ပိုင်ဆိုင်မှုရှယ်ယာမှတဆင့် အမေရိကန်ဒေါ်လာ ၂၇၀ သန်းရရှိကာ နောက်ထပ် ငါးနှစ်အတွင်း ဒေါ်လာသန်း ၅၀ ရရှိနိုင်မည်ဖြစ်ကြောင်း JFM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့ပြင် စစ်အုပ်စုအပါအဝင် ယင်းတို့နှင့်ပတ်သက်သောခရိုနီများဖြင့် လုပ်ငန်းပူးပေါင်းဆောင်ရွက် နေမှုများကို ချက်ချင်းရပ်တန့်ပြီး လူ့အခွင့်အရေးဆိုင်ရာကတိကဝတ်များ၊ နိုင်ငံတကာတာဝန် ဝတ္တရားများကို ကမ္ဘော့ဘောလုံးအဖွဲ့ချုပ် ( FIFA) အနေဖြင့် လိုက်နာရမည်ဖြစ်ကြောင်း Justice For Myanmar က တောင်းဆိုထားသည်။

 

ဓာတ်ပုံ – FIFA