(မလေးရှား)၊ ဧရာဝတီတိုင်းမ်
မေလ ၂၄ ရက်

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ဆန်းဝေးမန်တရီကောတွင် မြန်မာ ၂၂၆ ဦးအပါအဝင် အထောက် အထားမဲ့ တရားမဝင်နိုင်ငံခြားသား ၅၉၇ ဦး ဖမ်းဆီးခံရကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသားများ ထံမှ သိရသည်။

နိုင်ငံခြားသားအများစုနေထိုင်သည့် ဆန်းဝေးမန်တရီကောတွင် ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ ညပိုင်းက လဝက၊ ရဲတပ်ဖွဲ့ နှင့် အဖွဲ့ပေါင်းစုံမှ စစ်ဆေး၍ အထောက်အထားအပြည့်အစုံ မပြနိုင်သည့် နိုင်ငံခြားသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“နိုင်ငံခြားသားတွေများတဲ့နေရာကို စစ်ဆေးသွားတာပါ။ လူပေါင်း ၁,၀၀၀ စစ်ဆေးသွားတယ်။ အဲဒီမှာ အထောက်အထားမရှိသူတွေ ဖမ်းဆီးခံရတာပါ။ မြန်မာနိုင်ငံသားတွေဆို ချင်းလူမျိုးတွေချည်းပဲ အယောက် ၁၀၀ ကျော်လောက်ပါသွားတယ်” ဟု မလေးရှားရောက် ချင်းအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသူများတွင် မြန်မာ ၂၂၆ ဦး၊ အင်ဒိုနီးရှား ၂၀၁ ဦး၊ ဘင်္ဂလားဒေ့ရှ် ၇၁ ဦး၊ ပါကစ္စတန် ၄၆ ဦး၊ နီပေါ ၄၄ ဦး၊ အိန္ဒိယ ရှစ် ဦးနှင့် ထိုင်း တစ် ဦးတို့ ပါဝင်ကြောင့် လူဝင်မှုကြီးကြပ်ရေးဌာနက ယမန်နေ့ မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

ထိုသို့ ဖမ်းဆီးထားသူများကို ဆက်လက် အရေးယူဆောင်ရွက်နိုင်ရန်အတွက် လူဝင်မူကြီးကြပ်ရေး (စမုန်ညင်းကန့်) တွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။

မလေးရှားအစိုးရသည် ပြီးခဲ့သည့် မေလ ၁၉ ရက်မှစ၍ မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးကြောင့် တရားမဝင်နေထိုင်၊ အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို ပြစ်ဒဏ်ကျခံရန်မလိုဘဲ နေရပ်ပြန်ခွင့်ပြုထားသည်။

သို့သော်လည်း မလေးရှား အာဏာပိုင်အဖွဲ့က အထောက်အထားမဲ့နိုင်ငံခြားများကို ဖမ်းဆီးခြင်းများကို လုံးဝရပ်တန့်ခြင်းမရှိဘဲ နိုင်ငံနေရာအနှံတွင် ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေသည်။

“ဖမ်းဆီးမှုတွေက နေ့တိုင်းရှိပါတယ်။ အနည်းအများက နေရာတိုင်းမှာရှိနေဆဲဖြစ်တယ်။ ပုံမှန်ဆို မလေး အစိုးရက တရားမဝင်နိုင်ငံခြားသားတွေ CI နဲ့ နေရပ်ပြန်ခွင့်ပေးတဲ့ ကာလဆို ဖမ်းဆီးမှုတွေ ရပ်တန့်တာ တွေရှိပေမယ့် ဒီနှစ်တော့ အဲလိုမဟုတ်ဘူး။ နိုင်ငံခြားသားတွေ ဖမ်းဆီးမှုဆက်ရှိနေသေးပါတယ်”ဟု မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မေလ ၁၇ ရက်နေ့ကလည်း ကွာလာလမ်ပူမြို့ရှိ နိုင်ငံခြားသားများ စျေးဝယ်စင်တာတစ်ခုတွင် မလေးရှား အာဏာပိုင်အဖွဲ့မှ ဝင်ရောက်စစ်ဆေးရာ မြန်မာနိုင်ငံသား ၁၀ ဦးအပါအဝင် အထောက် အထားမဲ့ နိုင်ငံခြားသား ၁၄၃ ဦး ဖမ်းဆီးခံခဲ့ရသည်။

ပုံစာ-မလေးရှားအာဏာပိုင်က ဖမ်းဆီးထားသည့် အထောက်အထားမဲ့ နိုင်ငံခြားသားများ၊
#မလေးရှား #မြန်မာနိုင်ငံသား #၂၂၆ဦး #အထောက်အထားမဲ့ #နိုင်ငံခြားသား #၅၉၇ဦး #ဖမ်းဆီးခံရ #Ayeyarwaddy_Times