နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်

ရှမ်းပြည်(မြောက်ပိုင်း)တွင် ညီနောင်မဟာမိတ်ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIA)နှင့် နယ်မြေအငြင်းပွားနေမှုကိစ္စ ဗဟိုကော်မတီချင်း တွေ့ဆုံနိုင်ခြင်း မရှိသေးသော် လည်း စာပို့ဆက်သွယ်နေကြောင်း တအာင်းတပ်မတော် (TNLA) ထံမှ သိရသည်။

အဆိုပါနှစ်ဖွဲ့သည် ယခုနှစ် ဇနျနဝါရီမှစ၍ ကွတ်ခိုင်၊ မန်တုံ၊ မိုးမိတ်မြို့နယ်တို့တွင် အောက်ခြေတပ်ဖွဲ့ဝင်များအကြား နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်၍ ထိုးကြိတ်ရိုက်နှက်သည်အထိ ရန်ပွဲများ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရ ဖမ်းဆီးခြင်းများရှိကြောင်း သိရသည်။

ထိုအခြေအနေများကြောင့် ဗဟိုကော်မတီချင်း ဆွေးနွေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး နှစ်ဖက်တွေ့ဆုံမည့် နေရာသတ်မှတ်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း TNLA နှင့် KIA ခေါင်းဆောင်များ၏ ထုတ်ဖော်ပြောဆိုချက်များအရ သိရသည်။

“လက်ရှိမှာ တွေ့ဆုံနိုင်တဲ့ အဆင့်မျိုးတော့ မရှိသေးဘူး။ သို့သော် တစ်ဖက်မှာတော့ မဟာမိတ်အချင်းချင်းအကြား ဆက်ဆံရေးဌာနကနေတစ်ဆင့် အပြန်အလှန်စာပို့ ဆက်သွယ်နေမှုတော့ ရှိပါတယ်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီထံက သိမ်းပိုက်ရရှိထားသော နယ်မြေဒေသများအနက် ယင်းမြို့နယ်များ၌ နှစ်ဖက်အငြင်းပွားမှု ဖြစ်ပွားနေခြင်းဖြစ်ပြီး ယခုလအတွင်း၌လည်း မန်တုံမြို့ရှိ KIA တပ်စခန်းတခု ဖယ်ရှားပေးလိုက်ရကြောင်း သိရသည်။

မန်တုံမြို့နယ်၊ မုံးမော်(မိုင်းမော်)ရှိ KIA တပ်စခန်းကို အင်အားအများအပြားဖြင့် TNLA တပ်ဖွဲ့များက ဖိအားပေးသဖြင့် နှစ်ဖက်တင်းမာမှု မြင့်တက်လာရာမှ မေ ၁၈ ရက်တွင် KIA ဘက်က ရှေ့တန်း စခန်းငယ်တစ်ခု ယာယီဆုတ်ခွာ ပေးလိုက်ခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။

“ဒီဟာက ကျွန်မတို့ ဖယ်ရှားခိုင်းတယ် ဆိုတာထက် အချင်းချင်း ညှိနှိုင်းတာမျိုး၊ အထူးသဖြင့် ဂိတ်ကိစ္စပေါ့။ ဂိတ်တွေမချဖို့တော့ တားမြစ်တာတွေ ရှိပါတယ်။ သတင်း ထွက်နေသလို မဟုတ်ပါဘူး” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဆိုသည်။

ယင်းဖြစ်စဥ်အပါအဝင် နယ်မြေအငြင်းပွားနေမှုနှင့် ပတ် သက်၍ KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို မေးမြန်းနိုင်ရန် ဧရာဝတီတိုင်းမ် သတင်းဌာနက တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း ယနေ့မေ ၂၄ ရက်၊ နံနက်ပိုင်းအထိ ဆက်သွယ်၍ မရရှိခဲ့ပေ။

ထိုအတွက် ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ကမူ နှစ်ဖက်တွေ့ဆုံရန် ရှေ့ပြေးညှိနှိုင်းမှုများ ဆောင်ရွက်နေပြီး အပြုသဘောဆောင်သော ကူညီပံ့ပိုးမှုများအား မျှော်လင့်ပါကြောင်း ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးပြောကြားထားသည်။

ဓာတ်ပုံ-အင်တာနက်

#KIA #နယ်မြေအငြင်းပွားမှု #ဗဟိုကော်မတီချင်း #တွေ့ဆုံနိုင်ခြင်းမရှိ #စာပို့ဆက်သွယ် #TNLA #Ayeyarwaddy_Times