ဧရာ၀တီတိုင်းမ်
မေ ၂၄ ရက်

မြန်မာနိုင်ငံတွင် မြန်မာအမျိုးသမီးများဖြင့် ညစ်ညမ်းဗီဒီယို(အပြာကား)များရိုက်ကူးကာ Live လွှင့်ပြီး ပြသခဲ့သည့် တရုတ်နိုင်ငံသား သုံးဦး နှင့် မြန်မာနိုင်ငံသား တစ်ဦးတို့ကို စစ်ကောင်စီက အလုပ်နှင့် ထောင်ဒဏ် နှစ် ၃၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေး ဦးသည် မြန်မာအမျိုးသမီးများဖြင့် အပြာကား ရိုက်ကူး၍ Live လွှင့်ကာ ရရှိသည့်အကျိုး အမြတ်များအား ခေါင်းပုံဖြတ်ရယူခဲ့သောကြောင့် စစ်ကောင်စီ တရားရုံးက လူကုန်ကူးမှုဥပဒေဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၃၀ စီ ချမှတ်ခဲ့ခြင်းကြောင်း ယမန်နေ့ မေ ၂၃ ရက်ထုတ် စစ်ကောင်စီ အာဘော် သတင်းစာတွင် ဖော်ပြထားသည်။

ထိုသို့ အကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူခဲ့သူများမှာ တရုတ်နိုင်ငံသားဖြစ်သည့် Mr. Wang Shaohua (၃၉ နှစ်)၊ Mr. Yung Kun (၃၇ နှစ်)၊ Mr. Zeng Yuan (၂၉ နှစ်) နှင့် မြန်မာနိုင်ငံသား မအဲလစ်စစ် (ခ) နော်မူးရှီးဖော (ခ) ကျဲကျဲ (၃၂ နှစ်) တို့ဖြစ်ကြောင်း သိရသည်။

“အခုခေတ်ကအရမ်းလွယ်နေကြတယ်။ ၁၈+ ဇာတ်လမ်းတွေလွယ်လွယ်လုပ်လာတယ်။ တယ်လီဂရမ် က ဂရုတွေမှာဆိုရင် အသက်မပြည့်သေးတဲ့ကောင်မလေးတွေ တောင်ရှိတယ်။ ကျောင်းသူလေး၊ သူနာ ပြုလေးဆိုပြီး သိန်းနဲ့ချီငှားလို့ရတာတွေရှိတယ်။ အတော်ဆိုးလာနေတယ် ” ဟု ရန်ကုန်မြို့ခံ အမျိုးသား တစ်ဦးက ပြောကြားသည်။

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူတရုတ်နိုင်ငံသားသုံးဦးသည် တရုတ်နိုင်ငံ၊ ယူနန်၊ တာ့လျန်၊ စီချွမ်ပြည်နယ်မှဖြစ်ပြီး အမျိုးသမီးသည် ဧရာ၀တီနတိုင်း၊ ငပုတောမြို့နယ်မှ ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် မြန်မာအမျိုးသမီးစုံတွဲ လေးတွဲကို ဗီဒီယိုရိုက်ကူးပြီး ခေါင်းပုံဖြတ်ခဲ့ခြင်းဖြစ်ကာ လှိုင်သာယာ (အနောက်ပိုင်း) မြို့မရဲစခန်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)(ခ) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ထို့သို့ အမှုဖွင့်လှစ်ပြီးနောက် မေလ ၂၀ ရက်နေ့တွင် အင်းစိန်ခရိုင်တရားရုံးမှ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၈ (က) အရအလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၈ (ခ) အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ပြီး တိမ်းရှောင်နေသည့် မသူသူရှိန် ကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ ဖြင့် ထုတ်ဆင့်ထားကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီး‌နောက်ပိုင်းတွင်လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် Facebook, Tiktok, Telegram ‌နှင့် အခြားနေရာများတွင် porn ချန်နယ်များ၊ Date girl အဖြစ်ယာယီ အလုပ်လုပ်သူများအဖွဲ့နှင့် လိင်အာသာဖြေရေးအတွက်နည်းလမ်းများစွာဖြင့် ဆွဲဆောင်မှုတိုးပွားလာ ကြောင်းသိရသည်။

#မြန်မာအမျိုးသမီးများ #အပြာကားရိုက် #Liveလွှင့်ပြသ #တရုတ်၃ဦး #စစ်ကောင်စီ #ထောင်ဒဏ်နှစ်၃၀ #Ayeyarwaddy_Times