ဧရာဝတီတိုင်းမ်
(နတ်တလင်း)၊ မေ ၂၄ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံ ပျူစောထီးကျေးရွာရှိ စစ်ကောင်စီစစ်ကြောင်းမှ တပ်ဖွဲ့ဝင် နှစ် ဦးမှာ ပြီးခဲ့သည့် မေ ၁၉ ရက်နေ့က သာယာဝတီခရိုင်၊ အမှတ်(၁)တပ်ရင်း(P23801) ထံ လက်နက်နှင့် တကွ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အလင်း၀င်ရောက်လာသူ နှစ်ဦးမှာ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် နှင့် ကျုံပျော်မြို့နယ် တို့မှ တပ်သား နိုင်ဝေလင်း နှင့် ရာဇာမင်းတို့ဖြစ်ပြီး MA -1 သေနတ် နှစ် လက်၊ လက်ပစ်ဗုံး တစ်လုံး၊ စကားပြောစက် တစ်လုံး၊ ကျည်ဘောက် ခြောက်ခု တို့ကို ယူဆောင်လာခဲ့ကြောင်းလည်း သိရသည်။

၎င်းတို့ နှစ်ဦးသည် စစ်ကောင်စီ တပ်သားအဖြစ် အတင်းအဓမ္မစုဆောင်းခြင်းကို ခံခဲ့ရခြင်းဖြစ်ကာ အလင်းဝင်ရောက်လာပြီးနောက် စစ်ကောင်စီကို ပြန်လည်တော်လှန်သွားမည် ဖြစ်ကြောင်း သိရသည်။

“သူတို့အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ ကျွန်တော်တို့နဲ့ အတူ တိုက်ပွဲဝင်သွားမယ်ဆိုပြီး သူတို့ရဲ့ဆန္ဒကိုပြောပါတယ်ဗျ။ နိုင်ဝေလင်းက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရပြီး စစ်မှုထမ်းရတယ်။ ရာဇာမင်းက မဲပေါက်လို့ စစ်မှုထမ်းရတယ်လို့ သိရတယ်” ဟုတပ်ရင်း-၃၈၀၁ မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ရဲဘော်ထင်ကျန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလင်းဝင်ရောက်လာသည့် တပ်သား နိုင်ဝေလင်း နှင့် တပ်သား ရာဇာမင်းတိုသည် ပုသိမ်မြို့၊ ရွှေမြင်တင် အမှတ်(၆) စစ်အခြေခံလေ့ကျင့်ရေးကျောင်းတွင် စစ်သင်တန်း‌တက်ရောက်ခဲ့ရပြီးနောက် တပ်မ-၆၆ လက်အောက်ခံ ရွှေတောင်အခြေစိုက် ခလရ-၁၄ တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့ရကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်သားသစ် နှစ် ဦးသည် စစ်သင်တန်းဆင်းပြီးနောက် ကင်းနှင့်တပ်တွင်းသက်သာ ချောင်ချိရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ခဲ့ရပြီး ပျဉ်ပုံရွာသို့ ရှေ့တန်းစစ်ကြောင်းနှင့်အတူ ရောက်ရှိစဥ် နေအိမ်များမီးရှို့ဖျက်ဆီးခိုင်းခြင်း၊ ဒေသခံများကို ဖမ်းဆီးနှိပ်စက်ခိုင်းခြင်းများကြောင့် ထွက်ပြေးကာ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း တပ်ရင်း-၃၈၀၁ ထံ ပြောကြားခဲ့သည်။

တော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲ့များသည် နတ်တလင်းမြို့နယ်၊ ပျဉ်ပုံရွာမှ ထွက်လာသည့် အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းကို ပြီးခဲ့သည့် မေ ၁၄ ရက်နေ့ကလည်း တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ရှစ် ဦးအထိ သေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – သာယာဝတီခရိုင်၊ အမှတ်(၁)တပ်ရင်း(P23801)

#နတ်တလင်း #ဧရာဝတီတိုင်း #စစ်ကောင်စီ #တပ်သားစုဆောင်းခံရ #အလင်းဝင် #Ayeyarwaddy_Times