(ပလက်ဝ)၊ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာတွင် မြေမြုပ်မိုင်းနင်းမိ၍ အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဥဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။


ယမန်နေ့ မေ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် အရပ်သားနှစ်ဦး ဟင်းထွက်ရှာစဥ် စစ်ကောင်စီတပ်၏ မြေမြုပ်မိုင်းနင်းမိခြင်းဖြစ်သည်။

“ရှင်းလက်ဝ စစ်ကောင်စီစခန်းဟောင်းမှာပါ။ ဟင်းထွက်ရှာကြရင်း မိုင်းနင်းတာဖြစ်တယ်။ မိုင်းနင်းတဲ့ တစ်ယောက်က နေရာမှာပဲ သေဆုံးသွားတယ်။ နောက်တစ်ယောက်က ပြင်းထန် ဒဏ်ရာရတယ်” ဟု ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူသည် ကျောက်တော်မြို့နယ်၊ ဝပြန်ကျေးရွာမှ အသက် ၄၆ နှစ်အရွယ် ဦးဝင်းနိုင်ဖြစ်ပြီး ဒဏ်ရာရရှိသူသည် မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာမှ အသက် ၃၈ နှစ်အရွယ် ဦးကျော်လှိုင်တို့ဖြစ်သည်။

“သေဆုံးတဲ့တစ်ယောက်က ခြေနှစ်ဖက်ပြတ်ပြီး သွေးထွက်လွန်လို့ သေဆုံးသွားတာဖြစ်တယ်။ နောက်တစ်ယောက်လည်း မျက်နှာတစ်လုံး ဒဏ်ရာရပြီး လက်တွေမှာလည်း အရိုးတွေပွင့်ထွက် ပြင်းထန်ဒဏ်ရာရတယ်” ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဒဏ်ရာရရှိသူ ဦးကျော်လှိုင်သည်လည်း ပြင်းထန်ဒဏ်ရာနှင့် ဆေးကုသနေရပြီး အသက်အန္တရာယ်စိုးရိမ်နေရကြောင်း၊ ၎င်းတို့နှစ်ဦးသည် ရှင်းလက်ဝကျေးရွာတွင် လာရောက် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရသည်။

#ပလက်ဝမြို့နယ် #မြေမြုပ်မိုင်း #အရပ်သား တစ်ဦးသေဆုံး #တစ်ဦးဒဏ်ရာရ #Ayeyarwaddy_Times