ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဧပြီအတွင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေ‌သခံ ၇၅၃၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း FE5 Tanintharyi အဖွဲ့ အစီရင်ခံစာအရ သိရသည်။

စစ်ဘေးရှောင်အရေအတွက်မှာ ယခင် မတ်လထက် လူဦးရေ ၁၀၀၀၀ ပိုမိုခဲ့ပြီး ထာဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံ၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်များမှ ဒေသခံ ၃၄၃၀၀ ကျော် နှင့် မြိတ်ခရိုင်အတွင်းရှိ ပုလော၊ တနင်္သာရီ၊ ကျွန်းစု၊ မြိတ်မြို့နယ်များမှ ၄၁၀၀၀ ကျော် စစ်ဘေးရှောင်တိမ်းခဲ့ရကြောင်းလည်း သိရသည်။

စစ်ဘေးရှောင်တိမ်းသူအများစုမှာ လက်ရှိတွင် စစ်ဘေးရှောင်စခန်းဟူ၍ သီးခြားမရှိပဲ ပုလောစစ်ရှောင်စခန်းတွင်သာ အနည်းငယ်နေထိုင်နိုင်ကာ အများစုမှာ တောတာင်၊ ဥယျာဉ်ခြံများ၊ နီးစပ်ရာ မြို့ရွာများတွင် သွားရောက် နေထိုင်ရခြင်းဖြစ်ကြောင်းလည်း FE5 Tanintharyi အဖွဲ့အစည်း တာဝန်ရှိသူများထံက သိရသည်။

ထို့ပြင် စစ်ကောင်စီသည် တနင်္သာရီတိုင်းအတွင်း ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တွင် ရိက္ခာသယ်ယူခွင့်များကို ပြင်းထန်စွာကန့်သတ်ထားပြီး ဆေးဝါးနှင့် အသားငါးကိုပါ သယ်ယူခွင့် ကန့်သတ်ထား ကြောင်းသိရသည်။

မြိတ်မြို့နယ်၊ ကြေးနန်းတိုင်တံတားစစ်ဆးရေးဂိတ်တွင် အမျိုးသမီးတစ်ဦးသည် ဆီဘူးအပိုများသယ်ဆောင်လာသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့များက ဆီတစ်ဘူးအား အတင်းအကြပ် သောက်သုံးစေခဲ့ရာ အဆိုပါအမျိုးသမီးသေဆုံးသွားရသည့် ဖြစ်စဉ်လည်း ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ကန့်သတ်မှုများကြောင့် ဒေသခံများမှာ ရိက္ခာများကိုခက်ခဲစွာသယ်ယူနေရပြီး ယခုအခါ မိုးရာသီသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် အခက်အခဲများပိုမိုကြုံတွေ့လာရ ကြောင်းလည်း ဒေသခံများထံက သိရသည်။

ဆေးဝါးပြတ်လပ်မှုများကြောင့် စစ်ဘေးရှောင်အချို့မှာ အရေပြားရောဂါ၊ ဝမ်းရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ နှင့် ငှက်ဖျားရောဂါတို့မှာလည်း ပိုမိုဖြစ်ပွား နေကြောင်း FE5 Tanintharyi အစီရင်ခံစာတွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်းတွင် ဧပြီလအတွင်း စခန်းသိမ်းတိုက်ပွဲများလည်း ဖြစ်ပွားခဲ့ပြီး စစ်ရေးအရှိန်မြင့်မားလာသည့် အတွက် စစ်ကောင်စီက လေကြောင်း နှင့် ရေကြောင်း တို့ကိုပါအသုံးပြုလာပြီး စစ်ကောင်စီ၏သတ်ဖြတ်မှုကြောင့် အရပ်သား ခြောက်ဦး သေဆုံးခဲ့ရကြောင်း FE5 Tanintharyi ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – တွဲလက်ညီညီစစ်ရှောင်ကူညီရေးအဖွဲ့၊ တနင်္သာရီမြို့နယ်
ပုံစာ – တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များကို ရိက္ခာကူညီနေပုံ
#တနင်္သာရီ #ဧပြီ #စစ်ဘေးရှောင် #စစ်ကောင်စီ #တိုက်ပွဲဖြစ်ပွား #Ayeyarwaddy_Times