နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်

စစ်ကောင်စီက တအာင်းတပ်မတော် (TNLA)ထံမှ ပြန်လည်ရယူလို၍ တရုတ်အစိုးရထံ အကူ အညီတောင်း အပူကပ်နေသည့် နောင်ချိုအပါအဝင် စစ်ရှုံးမြို့များကို ယခုလအတွင်း ၁၂ ကြိမ်ထက် မနည်း ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

ရှမ်းမြောက် “၁၀၂၇” စစ်ဆင်ရေးကြောင့် စစ်ရှုံးထားသည့် နောင်ချို၊ မိုးကုတ်၊ ကျောက်မဲနှင့် မန်တုံမြို့နယ်တို့ကို စစ်ကောင်စီက အဓိကထား၍ ယခုလ မေ ၁ ရက်မှ ၂၂ ရက်အထိ ထိုသို့ဗုံးကြဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း TNLA ထံမှ သိရသည်။

“ဒီတလောမှာဆိုရင် စစ်ကောင်စီဘက်က အဲ့ဒီမြို့တွေကို အဓိကထားပြီး ဗုံးကြဲတိုက်ခိုက်နေတယ်။ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ ပျက်စီးမှုတွေ ရှိပါတယ်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် နှစ် ဦးအပါအဝင် ဒေသခံ အရပ်သား အမျိုးသား ငါး ဦးနှင့် အမျိုးသမီး တစ် ဦး စုစုပေါင်း ရှစ် ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် နေအိမ်များ၊ ဘုန်းကြီးကျောင်းများနှင့် အခြားသော အဆောက်အဦများလည်း လေကြောင်း တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ဆိုထားပြီး စစ်ကောင်စီကမူ ငြင်းဆန် လျက်ရှိသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလကလည်း နောင်ချို၊ မိုးကုတ်၊ သပိတ်ကျင်း၊ သီပေါ၊ မိုင်ယော်နှင့် နမ့်ဆန်မြို့နယ်တို့ကို စစ်ကောင်စီက လေကြောင်းအပါအဝင် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုများသည် မြေပြင်တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လုပ်ဆောင်နေခြင်းဖြစ်ပြီး ဧပြီအတွင်း၌ လည်း နေအိမ်အများအပြား ပျက်စီး၍ ကလေးငယ်အပါအဝင် အရပ်သားများ ထိခိုက်သေဆုံးခဲ့ကြောင်း TNLA ထံမှ သိရသည်။

စစ်ကောင်စီသည် ၎င်းတို့စစ်ရှုံး၍ TNLA က သိမ်းယူထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့ကို ပြန်လည်လိုချင်သဖြင့် ဝေဟင်တိုက်ခိုက်မှုများလုပ်ဆောင်နေသည့် အပြင် ကူမင်းဆွေးနွေးပွဲတွင်လည်း တောင်းဆိုနေကြောင်း သိရသည်။

ယင်းကဲ့သို့ တောင်းဆိုနေသောကြောင့် တရုတ်အစိုးရ၏ ဦးဆောင်ကွပ်ကဲမှုဖြင့် နောက်ဆုံးအကြိမ် ကပြုလုပ်သော ကူမင်းတွေ့ဆုံပွဲကို ရက်ရွေ့လိုက်ရကာ လာမည့်ဩဂုတ်တွင် ထပ်မံဆွေးနွေး မည်ဖြစ်ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ကောင်စီ #နောင်ချို #စစ်ရှုံးမြို့များ #ယခုလ #၁၂ကြိမ်ထက်မနည်း #ဗုံးကြဲတိုက်ခိုက် #TNLA #Ayeyarwaddy_Times