ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်

မကွေးမြို့နယ်၊ ဒဟတ်ကန်ကျေးရွာအုပ်စု၊ ဒဟတ်ကန်ကျေးရွာဝက်သိုက်ကျေးရွာ၊ ကံလှကျေးရွာ များတွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်အတွက် အဓမ္မ မဲနှိုက်ခိုင်းနေကြောင်း ဒေသခံများထံက သိရသည်။

ဒဟတ်ကန်ကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်စုအုပ်ချုပ်ရေးမှူး ဦးကိုကိုလတ်သည် အသက် ၃၅နှစ်မှ ၅၅နှစ်အတွင်း ကျေးရွာလုံခြုံရေး ပြည်သူ့စစ်အတွက်ဟုဆိုကာ ငွေကြေးမပြည့်စုံသူများကို အဓမ္မမဲနှိုက် ခိုင်းပြီး ငွေကြေးပြည့်စုံသူများကို မဲနှိုက်ရန် ချန်လှပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

“မဲပေါက်တဲ့သူတွေက သင်တန်းတစ်လ တက်ရမယ်၊ လုံခြုံရေးအတွက်လို့ပြောတယ်။ သင်တန်းပြီးရင် လက်နက်တပ်ဆင်ပေးမယ်၊ ကိုယ့်အိမ်မှာပဲ နေရမယ်။ လိုအပ်တဲ့အခါ လုံခြုံရေးဂိတ်တွေမှာ တာဝန်ထမ်းဆောင်ရမယ်လို့ အုပ်ကြီးက ပြောတယ်”ဟု ဒဟတ်ကန်ကျေးရွာအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မဲနှိုက်ရာတွင်လည်း အုပ်ချုပ်ရေးမှူး မိသားစုဝင်များ၊ အုပ်ချုပ်ရေးမှူးနှင့် ရင်းနှီးသူများ ဆယ်အိမ်မှူး၏ မိသားစုဝင်များကို စစ်မှုထမ်း ကင်းလွတ်ခွင့်ပေးကြောင်း ဒေသခံများကဆိုသည်။

“သူတို့မိသားစုတွေကြတော့ ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြနေရတယ်၊ ဆေးရုံတက်နေရကြောင်း အကြောင်းပြပြီး မဲနှိုက်ရမဲ့ စာရင်းကနေ ထုတ်ပယ်ထားကြတယ်။ ကင်းလွတ်ခွင့်ပေးပြီး ချန်ထား တယ်”ဟု ဒေသခံတစ်ဦးကဆက်လက်ပြောသည်။

ထို့ပြင် မကွေးမြို့နယ်အတွင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအများစုသည် ပြည်သူ့စစ်မှုထမ်း ထောက်ပံ့ကြေးဟုဆိုကာ လစဉ်ငွေတောင်ယူမှုများ ပြုလုပ်နေသော်လည်း ပြည်သူ့စစ်မှုထမ်း သင်တန်း သားများကို ငွေကြေး အနည်းငယ်သာပေးပြီး ကျန်ငွေများကို မိမိကိုယ်ကျိုးအတွက် သုံးစွဲနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဓာတ်ပုံ-မကွေးမြို့နယ်၊ ဒဟတ်ကန်ကျေးရွာအုပ်စုရှိ ကံလှကျေးရွာ

#မကွေး #ကျေးရွာအုပ်ချုပ်ရေးမှူး #ငွေကြေးမပြည့်စုံသူများ #ပြည်သူ့စစ် #မဲနှိုက်ခိုင်း #Ayeyarwaddy_Times