ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်

ရှမ်းပြည်နယ်အတွင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများမှ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ နမ့်ခုတ် (ခေါ့)မြစ်နှင့် မယ်ဆိုင်(ဆိုင်း)မြစ် များအတွင်းသို့ သတ္တုနှင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်း နှင့်ပတ်သက်ပြီး ထိုင်းအစိုးရက စစ်ကောင်စီ နှင့် ညှိနှိုင်းဆွေးနွေး မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာန များထံမှ သိရသည်။

အဆိုပါ သတ္တုတူးဖော်ရေးလုပ်ငန်းများမှ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေသည့်စွန့်ပစ် ပစ္စည်းများမှာ မြန်မာနိုင်ငံဘက်ခြမ်းရှိ တရားမဝင်တရုတ်လုပ်ငန်းများမှဖြစ်ကြောင်း ထိုင်းဘက်ခြမ်းမှပြောဆိုထားပြီး ထိုင်းဝန်ကြီးချုပ်မှလည်း စစ်ကောင်စီနှင့် ညှိနှိုင်းရန် စစ်တပ်၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကို တာဝန်ပေးထားကြောင်း သိရသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကလည်း ဝ တပ်မတော်(UWSA) ထိန်းချုပ်ရာနယ်မြေအနီးရှိ မိုင်းဆတ်မြို့ အတွင်း မြေရှားသတ္တုတွင်းလုပ်ငန်းများတည်ရှိနေပြီး မိုင်းခတ်၊ မိုင်းယောင် ဒေသများမှ ရွှေတူးဖော်ရေး လုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများ ကြောင့် နမ့်ခုတ်မြစ်ရေညစ်ညမ်းနေပြီး မြစ်ကြောင်းတစ်လျှောက်ရှိ နှစ်နိုင်ငံ ဒေသခံများမှာ ကျန်းမာရေးအရခြိမ်းခြောက်မှုများကြုံတွေ့နေရကြောင်း ၎င်းတို့အစီရင်ခံစာ တွင် ပြောဆိုထားသည်။

” ဒီအစီရင်ခံစာကို စစ်ကောင်စီ၊ ထိုင်းနိုင်ငံနဲ့ UWSA ကို သီးသန့်ပေးပို့ဖို့အစီအစဉ်မရှိပါဘူး။ မြေရှားသတ္တုတွင်းက အခုမှတွေ့တယ်။ အာဏာသိမ်းပြီးနောက်မှာ ရွှေတူးတာ၊ ကျောက်မီးသွေးနဲ့ အခြားသတ္တုတူးတာတွေ မရေတွတ်နိုင်အောင်များလာပါတယ်။ ဒေသခံ‌တွေသွားလို့မရဘဲ တရုတ်တွေပဲ လုပ်နေတာများတယ် ” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ဧရာ၀တီ တိုင်းမ်ကို ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနတို့မှ ချင်းမိုင်နှင့် ချင်းရိုင် ဒေသများရှိ နမ့်ခုတ်(ခေါ့) နှင့် မယ်ဆိုင်(ဆိုင်း) မြစ်တစ်လျှောက်မှ ရေနမူနာများကို စစ်ဆေးခဲ့ရာ ဘေးကင်းလုံခြုံရေးစံနှုန်းထက် မြင့်မားနေသည့် အာဆင်းနစ်အဆိပ်များပါဝင်နေကြောင်းကို တွေ့ရှိခဲ့ရ ကြောင်းလည်း သိရသည်။

ထို့ပြင် အဆိုပါမြစ်ကြောင်းတစ်လျှောက်တွင် သတ္တုစွန့်ပစ်ပစ္စည်းများကြောင့် အရေပြားရောဂါများ ဖြစ်ပွားနေသည့် ငါးများကိုတွေ့ရှိရကြောင်း အစီရင်ခံစာများလည်းထွက်ပေါ်ခဲ့ပြီး သတ္တုများနှင့် စွန့်ပစ်ပစ္စည်းများကို စစ်ထုတ်နိုင်မည့်ဆည်များကို တည်ဆောက်သွားရန် စီစဉ်နေကြောင်းကိုလည်း ထိုင်းအစိုးရက ပြောဆိုခဲ့သည်။

နမ့်ခုတ်မြစ်ရေညစ်ညမ်းလာမှုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် မေ ၁၄ ရက်နေ့(အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့) တွင် ချင်းမိုင်ဒေသမှ ထိုင်းပြည်သူများက ‘No Dam’၊ ‘No Mining’ စသည့် စာသားများပါသည့် ဘန်နာများဖြင့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ကိုးကား – Thai PBS
ဓာတ်ပုံ – SHRF၊ The Nation Thailand
#ထိုင်းမြန်မာနယ်စပ် #သတ္တုတူးဖော်ရေးလုပ်ငန်းများ #စွန့်ပစ္စည်းများ #စစ်ကောင်စီ #ထိုင်းဝန်ကြီးချုပ် #Ayeyarwaddy_Times