
ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် ဗိုလ်မှူးတစ်ဦးမောင်းလာသည့်ကားကို မှန်ချခိုင်းသည့် ပျူစောထီး ခေါင်းဆောင် ဖမ်းဆီးခံရပြီးနောက် ပျူစောထီးအဖွဲ့ဝင် ၁၇ ဦး နုတ်ထွက်သွားကြောင်း သိရသည်။
စစ်ကောင်စီသည် ပျူစောထီးခေါင်းဆောင် ဇော်ယုထွန်းကို ပြီးခဲ့သည့် မေ ၁၅ ရက်က မိတ္ထီလာ မြို့အဝင်တိုးဂိတ်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး အမှုဖွင့်ထားကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် ပျူစောထီးခေါင်းဆောင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားပြီး လူမှုကွန်ရက်စာမျက်နှာတွင် စစ်မှုထမ်းငွေကြေးကောက်ခံသည့် ကိစ္စနှင့်ပတ်သက်၍ ဝေဖန်ရေးသား သောကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု သတင်းလွှင့်ထားသည်။
သို့ရာတွင် ပြည်သူ့စစ် ပျူစောထီးအဖွဲ့များနှင့် နီးစပ်သူများက ဇော်ယုထွန်းမှာ မိတ္ထီလာတိုးဂိတ်တွင် လုံခြုံရေးယူနေစဉ် မလှိုင်မြို့နယ်ဘက်မှ ဗိုလ်မှူးတစ်ဦးမောင်းလာသည့်ကားကို မှန်ချခိုင်းရာမှ စကားများကြပြီး ဗိုလ်မှူးက “ငါ့အကြောင်းသိစေရမယ်”ဟု ခြိမ်းခြောက်ပြီးနောက် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ပြောဆိုမှုများရှိသည်။
ပျူစောထီးအဖွဲ့မှ နုတ်ထွက်သွားသူများထဲတွင် ဇေယျာဟိန်းဆိုသည့် ပျူစောထီးက “၎င်းတို့သည် ဆင်ပစ်မြွေများဖြစ်ပြီး ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးအရေးယူခြင်းမှာ မြွေခေါင်းကို ဖြတ်လိုက်သကဲ့သို့ ခန္ဓာ ကိုယ်နှင့်အမြီးမှာ ဘယ်သွားရမှန်းမသိဖြစ်ခဲ့ရပါသည်။ ဒါပေမဲ့ ကျွန်တော် တို့သည် မြွေချင်းတူပေမယ့် ဆင်ပစ်မြွေများသာဖြစ်ပြီး အမြီးမှာလည်း ခေါင်းပါကြောင်း သိစေ ချင်ပါသည်” ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။
ထို့နောက် ဇေယျာဟိန်းဆိုသူအပါအဝင် ၁၇ ဦးမှာ မိတ္ထီလာမြို့ ဌာနေပြည်သူ့စစ်အဖွဲ့မှ နုတ်ထွက်ကြောင်း အသိပေးအပ်ပါသည်ဟုလည်း မျှဝေထားသည်။
ပုံစာ- မိတ္ထီလာမြို့အဝင်နှင့်အမြန်လမ်းပေါ်တွင်တွေ့ရသည့် ဌာနေပြည်သူစစ်ခေါ်ပျူစောထီးများ
#မန္တလေး #မိတ္ထီလာ #မြို့အဝင် #ဗိုလ်မှူး #ပျူစောထီး #ခေါင်းဆောင် #စကားများ #ဖမ်းဆီး #Ayeyarwaddy_Times