နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်

မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းလာသည့် ပြည်သူများအနေဖြင့် “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုသည့်အတိုင်း နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရမည်ဟု စစ်ခေါင်းဆောင်က ရေကြောင်း၊ လေ ကြောင်း သင်တန်းသား လူငယ်များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ မေ ၂၁ ရက်က နေပြည်တော်တွင် ပြုလုပ်သော အခြေခံနှင့်တန်းမြင့် ရေကြောင်း၊ လေကြောင်း လူငယ်သင်တန်းမှ သင်တန်းသား/သူတို့ နှင့် တွေ့ဆုံမှုတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုတဲ့ စကားနဲ့အညီ ဒီမြေမှာမွေး၊ ဒီမြေမှာ ကြီးပြင်းကြသူတွေဟာ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိကြရမယ့် တာဝန်ဝတ္တရားရှိတယ်” ဟု စစ်ခေါင်းဆောင်က ပြောဆို ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ခေါင်းဆောင်၏ စကားအရ မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သော်လည်း အတင်းအဓ္မ အာဏာသိမ်းထားသော စစ်ကာင်စီ၏ လက်ရှိအုပ်ချုပ်နေမှုအပေါ် မနှစ်ကြိုက်သဖြင့် ၎င်းတို့အပေါ် ကျေးဇူးတင်စရာ စောင့်သိစရာမလိုကြောင်း ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဒီမြေမှာ ကြီးပြင်းတာဟုတ်တယ်၊ ကျေးဇူးလဲသိတယ်။ ဒါပေမဲ့ လက်ရှိအုပ်ချုပ်နေတဲ့အပေါ်တော့ မကြိုက်ဘူး။ သူတို့လုပ်နေတဲ့ဟာတွေက ကျေးဇူးတင်စရာ တစ်ကွက်မှမရှိတော့ ကျေးဇူးသစ္စာစောင့် သိစရာ မလိုဘူး” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ခုခံတော်လှန်မှုများကြောင့် စစ်ရှုံးလာသဖြင့် ပြည်သူလူထုကို ရန်သူသဖွယ် ပြုမူဆက်ဆံ၊ ဖမ်းဆီးသတ်ဖြတ်နေသလို လေကြောင်းဖြင့်လည်း နိုင်ငံတစ်ဝန်း ဗုံး ကြဲတိုက်ခိုက်၍ တပ်အင်အား စုဆောင်းလျက်ရှိကြောင်း သိရသည်။

စစ်ခေါင်းဆောင်က တပ်အင်အား ပြုန်းတီးလာမှုအတွက် ပြန်လည်ဖြည့်တင်းရန် အရွယ်ရောက်ပြီး နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ဥပဒေ၊ နည်းဥပဒေများကို အသက်သွင်းခဲ့သော်လည်း ၎င်းနှင့် အပေါင်းအပါ သားသမီးများ လက်ရှိအထိ ပါဝင်ခြင်းမရှိသေးပေ။

နိုင်ငံတော်ကို သစ္စာစောင့်သိခြင်းဆိုသည်မှာ နိုင်ငံအတွင်းရှိ မိဘပြည်သူများအပေါ် ကျေးဇူးမကန်းခြင်း ဖြစ်သောကြောင့် စစ်ကောင်စီအနေဖြင့် အာဏာသိမ်းမှုကို ရပ်တန့်ရန်လိုကြောင်း Sisters 2 Sisters ဦးဆောင်ကော်မတီ အဖွဲ့ဝင်တစ်ဦးက ထောက်ပြသည်။

“အဲတော့ တကယ့်ကို နိုင်ငံတော်သစ္စာ စောင့်သိဖို့ လိုအပ်နေတာကတော့ စစ်ဗိုလ်ချုပ် မင်းအောင်လှိုင်အပါအဝင် သူ့အပေါင်းအပါ စစ်ကောင်စီအဖွဲ့သားတွေ ဖြစ်ပါတယ်” ဟု ဦးဆောင်ကော်မတီအဖွဲ့ ဝင် မသဥ္ဇာရွန်းလဲ့ရည်က ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောဆိုသည်။

ထို့အပြင် စစ်ခေါင်းဆောင်က နိုင်ငံသားတိုင်းသည် မိမိတို့နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကို သိရှိပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက်ရာ တွင် ဦးဆောင်လူငယ်များအဖြစ် ပါဝင်ကြရန်လိုကြောင်း ဆိုထားသည်။

စစ်ကောင်စီသည် ကာကွယ်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဧပြီ ၂၂ ရက်မှ မေ ၂၃ ရက်အထိရေကြောင်းလူငယ်သင်တန်း နှင့်လေကြောင်းလူငယ် သင်တန်းကို ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်တွင် လူငယ် ၁,၆၀၄ ဦး တက်ရောက်၍ ရေတပ် စခန်း ၁၁ ခုနှင့် လေတပ်စခန်း ၁၅ ခုတို့တွင် သင်ကြားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ
#ပြည်သူများ #တစ်လုတ်စားဖူးသူ့ကျေးဇူး #နိုင်ငံတော်ကျေးဇူးသစ္စာ #စောင့်သိ #စစ်ခေါင်းဆောင် #Ayeyarwaddy_Times