
ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်
စစ်ကောင်စီပညာရေးဝန်ကြီးဌာနလက်အောက်ရှိအခြေခံပညာကျောင်းများ ယနေ့ ကျောင်းအပ်စတင်လက်ခံနေပြီး မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်း နိမ့်ကျနေကြောင်း စစ်ကောင်စီ ထုတ်ဖော် ပြောကြားထားသည်။
စစ်ကောင်စီသည် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ယနေ့မေ ၂၂ ရက်မှ ဇွန်လ ၁ ရက်နေ့ သတ်မှတ်ထားပြီး ၅ နှစ်အရွယ်ကလေးများကို သူငယ်တန်း KG အပ်နှံရန်နှင့် ၆ နှစ်အရွယ်ကလေးများကို ပထမတန်း Grade 1 အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိကျောင်းစတင်အပ်နှံရသည့်နေ့တွင် အငယ်တန်း ကျောင်းသားများအပ်နှံသူများပြားပြီး အကြီးတန်းကျောင်းသားများ အပ်နှံမှုနည်းပါးကာ ဗလာစာအုပ်တစ်ဒါဇင်၊ကျောင်းဝတ်စုံ တစ်စုံ ပေးကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။
အခြေခံပညာအထက်တန်း Grade 11 နှင့် Grade 12 ကျောင်းသားများ ကျောင်းအပ်ရာတွင် မိဘမှတ်ပုံနှင့် ကျောင်းသားမှတ်ပုံတင်လိုအပ်ကြောင်းသိရသည်။
” ကျောင်းစအပ်တဲ့ရက်ဆိုတော့နည်းသေးတယ်။ ကလေးတန်းတွေကရာချီနေပြီ။ အကြီးတန်း တွေ ၁၀ ယောက်၊ ၁၅ ယောက် လောက်ပဲရှိသေးတာကိုတွေ့တယ်။ ဘာမှတော့မပေးရဘူး။ အတန်းကြီး တွေမှတ်ပုံတင်မိတ္တူပေးရတယ်။ ဖတ်စာအုပ်လည်း အသစ်မရဘူး။ အဟောင်းပဲရတယ် အတန်းကြီးက” ဟု ကျောင်းသားမိဘတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိအမျိုးသားပညာရေးအဆင့်အတန်းသည် နိမ့်ကျနေပြီး အားရဖွယ်အခြေအနေတွင် ရှိမနေ၍ အမျိုးသားပညာ ရေးမြင့်တင်ရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ထုတ်ဖော် ဝန်ခံထားသည်ကို စစ်ကောင်စီအာဘော် သတင်းစာတွင် ဖော်ပြထားသည်။
ယခု ၁၀ နှစ်အတွင်း ပညာ ရေးလေ့လာချက်တွင် သူငယ်တန်းတက်ရောက်သူ ကျောင်းသား ၁၀၀ ရာတွင် ၈၀ ကျော်သည် ပညာရေးတစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်ကြပြီး တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိသူ ၂၀ ဦးသာရှိ ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ၅ ဒသမ ၃ သန်း၊ ၂၀၂၂ – ၂၀၂၃ ခုနှစ်တွင် ကျောင်းသားဦးရေ ၇ ဒသမ ၂၃ သန်း၊ ၂၀၂၃ – ၂၀၂၄ ခုနှစ်တွင် ကျောင်းသားဦးရေ ၈ သန်း ကျော်နှင့် ၂၀၂၄ – ၂၀၂၅ ခုနှစ်တွင် ကျောင်းသားဦးရေ ၇ ဒသမ ၃ သန်း ကျော် ကျောင်းအပ်နှံ ကြောင်းသိရသည်။
ပညာရေးစနစ်သစ်တွင်အခြေခံပညာအလယ်တန်း KG + 9 အောင်မြင်ပြီးသူများသည် စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ စက်မှုပညာပေါင်းကူးသင်ယူနိုင်ကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းတွင် ကလေး ငယ်များ စာသင်ကြားနေစဉ် စစ်ကောင်စီ၏ လေကြောင်းမှဗုံးကြဲမှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၂၂ ဦးနှင့် ဆရာမ နှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများစွာရှိကြောင်းသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ကျောင်းအပ်နှံရေးစတင် #အတန်းကြီးကျောင်းထွက် #ပညာရေးအဆင့်အတန်းနိမ့်ကျ #Ayeyarwaddy_Times