
ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်
စစ်တပ်အာဏာရယူပြီးနောက် လျှပ်စစ်မီးအပြည့်အဝမပေးနိုင်ချိန်တွင် ဧရာဝတီမြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းအကောင်အထည်မဖော်နိုင်သဖြင့် လျှပ်စစ်ဓာတ်အားဖူလုံမှုမရှိဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝေဖန်အပြစ်တင်ပြောကြားသည်။
ယမန်နေ့ မေ ၂၀ ရက်က နေပြည်တော်တွင် ဒုတိယနေ့အဖြစ်ဆက်လက်ပြုလုပ်သည့် စစ်ကောင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
” လျှပ်စစ်ဓာတ်အားပေးစီမံကိန်းတွေ အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်မဖော်နိုင်ဘူး။ ထင်ရှားတဲ့ဥပမာတစ်ခုဆိုရင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်းခဲ့ရမှုသာ မရှိခဲ့ရင် မဂ္ဂါဝပ် ၆၀၀၀ ရရှိမယ် ” ဟု စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့ပြင် လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတို့ ပေါင်းစပ်လိုက်မည် ဆိုပါက လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြည့်မီရုံသာမက ကျော်လွန်နိုင်မည်ဖြစ် ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
” တရုတ်ကစီမံကိန်းပြန်စချင်နေတယ်။ ဒါပေမဲ့ ကချင်နဲ့ထိပ်တိုက်တိုးမှာကို တရုတ်ကလိုလားဦး မှာမဟုတ်ဘူး။ ကချင်နဲ့ထိပ်တိုက်တိုးရင် မြေရှားဈေးကွက်မှာ သွားထိခိုက်တာမျိုးရှိနိုင်တာ့ လက်တလောရှောင်ချင် လောက်တယ်” ဟု မြန်မာ့အရေးသုတေသနပြုလုပ်သူတစ်ဦးက သုံးသပ် ပြောကြားသည်။
လက်ရှိ နိုင်ငံရေးအခြေအနေနှင့်ဆိုပါက တည်ဆောက်ရေးလုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကန့်ကွက်လှုပ်ရှားမှုတွင်ပါဝင်သူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူက ဧရာ၀တီတိုင်းမ်ကို မှတ်ချက်ပြုပြောကြားသည်။
ထို့ပြင် အချို့ ရေအားလျှပ်စစ် စီမံကိန်းများသည် လုံခြုံရေးအခြေအနေအရစီမံကိန်းများ ရပ်တန့်ထားရခြင်းနှင့် လုပ်ငန်းမလုပ်နိုင်သည့် နေရာများရှိ ကြောင်း စစ်ခေါင်းဆာင်က ဆိုထားသည်။
ကချင်ပြည်နယ်ရှိ မေခ၊မလိခမြစ်ဆုံရာနေရာတွင် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း တည်ဆာက်ရန် အတွက် စစ်အာဏာရှင်ဦးသန်းရွှေလက်ထက်က လက်မှတ်ထိုးပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင် အရပ်သားတစ်ပိုင်းအစိုးရဖြစ်လာသည့် သမ္မတဦးသိန်းစိန်က အဆိုပါစီမံကိန်းကို ယာယီရပ်နားခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – လူမှူကွန်ရက်
#မြစ်ဆုံစီမံကိန်းမလုပ် #လျှပ်စစ်မရ #စစ်ခေါင်းဆောင်ဝေဖန်အပြစ်တင် #Ayeyarwaddy_Times