
ဧရာ၀တီတိုင်းမ်
မေ ၂၁ ရက်
ဂျပန်နိုင်ငံရဲ့ နာမည်ကျော် ယာကူဇာဂိုဏ်းတွေအကြောင်း ပြောလိုက်တာနဲ့ တက်တူးအပြည့်နဲ့ လူတွေ သွေးထွက်သံယို ရန်ဖြစ်နေတာမျိုးကို ရုပ်ရှင်တွေ၊ ဂိမ်းတွေထဲကလို မြင်ယောင်တတ်ကြပေမယ့် ပြီးခဲ့တဲ့အပတ်က တိုကျိုမှာ ဖမ်းဆီးခံခဲ့ရတဲ့ ယာကူဇာဂိုဏ်းဝင် လေး ဦးရဲ့ ရာဇဝတ်မှုကတော့ အများထင်ထားတာထက် အများကြီး ရိုးရှင်းပါတယ်။
သူတို့ဟာ စာကြည့်တိုက်တစ်ခုရဲ့ မီတာ ၂၀၀ ပတ်လည်အတွင်းမှာ ယာကူဇာရုံးခန်းဖွင့်လှစ်ထားလို့ ဖမ်းဆီးခံရတာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တာပါ။
အသက် ၅၅ နှစ်ကနေ ၇၇ နှစ်အထိရှိတဲ့ အဆိုပါ သံသယရှိသူတွေဟာ ၂၀၂၄ ခုနှစ် ဇွန်လကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ဒီရုံးခန်းကို ဖွင့်လှစ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြတာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
တိုကျိုမြို့မှာ စနစ်တကျ ပြစ်မှုကျူးလွန်မှုတွေကို တိုက်ဖျက်ဖို့အတွက် ယာကူဇာရုံးခန်းတွေ ဖွင့်လှစ်နိုင်တဲ့နေရာနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ထားပါတယ်။
ဖမ်းဆီးခံရသူတွေထဲက အသက် ၇၇ နှစ်ရှိ အမျိုးသားဟာ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ယာကူဇာအဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ Sumiyoshi-kai ရာဇ၀တ်ဂိုဏ်းနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တင်းကျပ်တဲ့ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာကို အလေးထားတဲ့ ယာကူဇာ အဖွဲ့တွေဟာ ငွေညှစ်တာ၊ ငွေကြေးခဝါချတာကနေ မူးယစ်ဆေးဝါးနဲ့ လိင်ကုန်ကူးမှုအထိ အမျိုးမျိုးသော ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့ကြပါတယ်။
၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ယာကူဇာတွေဟာ နိုင်ငံတကာအထိ လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြပြီး အဖွဲ့ဝင် ၁၈၄,၀၀၀ ကျော်အထိ ရှိခဲ့ဖူးပေမယ့် ရဲတပ်ဖွဲ့ရဲ့ ဖိနှိပ်မှုတွေကြောင့် သူတို့ရဲ့ လှုပ်ရှားမှုတွေ လျော့ကျလာပြီး မကြာသေးခင် ဆယ်စုနှစ်တွေအတွင်း အဖွဲ့ဝင်ဦးရေဟာ တဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။
ဥပဒေအရ ယာကူဇာတွေ ဆက်လက်တည်ရှိခွင့်ရနေပေမဲ့ ရဲတပ်ဖွဲ့အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်မှာ ပြစ်မှုကျူးလွန်တဲ့ အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်ဦးရေဟာ ပထမဆုံးအကြိမ်အဖြစ် ၂၀,၀၀၀ အောက်ကို ကျဆင်းခဲ့ပြီး ၁၈,၈၀၀ အထိ စံချိန်တင် နည်းပါးသွားခဲ့ပါတယ်။
တိုကျိုမြို့မှာတော့ ယာကူဇာရုံးခန်းတွေကို ကျောင်းတွေ၊ ကလေးသူငယ် စောင့်ရှောက်ရေးဌာနတွေ၊ ရပ်ရွာခန်းမတွေ၊ ပြတိုက်တွေ၊ ရာဇဝတ်မှု ကင်းရှင်းကြောင်း စစ်ဆေးတဲ့ရုံးတွေ၊ မိသားစုတရားရုံးတွေနဲ့စာကြည့်တိုက်တွေရဲ့ အနီးအနား မီတာ ၂၀၀ ပတ်လည်အတွင်း ဖွင့်လှစ်ခွင့် ပိတ်ပင်ထားပါတယ်။
အဲ့ဒါတွေအပြင် ယာကူဇာအဖွဲ့ဝင်တွေကို အစောင့်အဖြစ် ငှားရမ်းတာ၊ ဝန်ဆောင်မှုအတွက် ငွေကြေးပေးတာ ဒါမှမဟုတ် သူတို့ရဲ့ လုပ်ဆောင်မှုတွေကို အားပေးအားမြှောက်ဖြစ်စေမယ့် ဘယ်လိုစာချုပ်မျိုးကိုမှ ယာကူဇာတွေနဲ့ ချုပ်ဆိုလို့ မရပါဘူး။
ဒီလိုတင်းကျပ်တဲ့ စည်းမျဉ်းတွေကြောင့် ယာကူဇာအဖွဲ့တွေဟာ အရေအတွက် နည်းပါးလာပြီး ယခုအခါမှာ ဂိုဏ်းတွေ ဖျက်သိမ်းတာ၊ တရားဥပဒေနဲ့အညီ ဘဝသစ်တည်ဆောက်တာ ဒါမှမဟုတ် ကောင်းမွန်စွာ နေထိုင်မယ်လို့ ကတိပြုတာမျိုးတွေနဲ့ပဲ သတင်းတွေမှာ ဖော်ပြခံရလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှာတော့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ယာကူဇာအဖွဲ့အစည်းဖြစ်တဲ့ Yamaguchi-gumi ဟာ ရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်မှုတွေ တင်းကျပ်လာတာကြောင့် သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်လိုက်ပြီး ပြိုင်ဘက်ဂိုဏ်းနဲ့ နှစ်ရှည်လများ တိုက်ပွဲကို အဆုံးသတ်မယ်လို့ ကတိပြုခဲ့ပါတယ်။
ဂိုဏ်းရဲ့ ထိပ်တန်းအဖွဲ့ဝင် သုံးဦးက ရဲတပ်ဖွဲ့ထံ စာတစ်စောင်ကို ကိုယ်တိုင်ပေးအပ်ခဲ့ပြီး “ပြည်တွင်းတိုက်ခိုက်မှုအားလုံးကို အဆုံးသတ်မည်” နှင့် “မည်သည့် ပြဿနာမျှ ဘယ်တော့မှ မဖြစ်စေရ” ဟု ကတိပြုခဲ့ကြောင်း ရဲတပ်ဖွဲ့က CNN ကို ပြောကြားခဲ့ပါတယ်။
ကိုးကား-CNN
Ref; Four arrested under Tokyo’s strict yakuza gang laws – but not for the reason you think
#Ayeyarwaddy_Times