
ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ မေ ၂၁ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် သိမ်ကုန်တာဝါတိုင်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့များဝင်များမှာ ပြီးခဲ့သည့် မေ ၁၈ ရက်နေ့တွင် စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ(၂၁) ပြည်ခရိုင်-၃၆၀၂ တပ်ရင်း ထံမှ သိရသည်။
သိမ်ကုန်းတာဝါတိုင်စခန်းမှာ တပ်မ (၆၆) လက်အောက်ခံ တပ်စခန်းတစ်ခုဖြစ်ပြီး ၎င်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက မေ ၁၇ ရက်မှစတင်၍ အင်အားဖြတ်တောက် ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စခန်းစွန့်ခွာထွက်ပြေးသွားပြီးနောက် မေ ၁၉ ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စခန်းသိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီဘက်မှာတော့ သူတို့(စစ်ကောင်စီ) တပ်စွဲထားတဲ့နေရောတော့မရှိတော့ဘူးပေါ့နော်။ မြို့အနီးနားမှာပဲ ရှိတော့တယ်။ မြို့နဲ့ကြားထဲ ကျောက်ကြီးတောင်စခန်းတစ်ခုပဲရှိတော့တယ်။ ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့ကလည်း သစ်ပုတ်တာဝါတိုင်စခန်းက စခန်းစွန့်ခွာသွားတာရှိပါတယ်” ဟု ပြည်ခရိုင် ၃၆၀၂ တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော် Red Star ကဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စခန်းစွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်မြို့မှတစ်ဆင့် ရခိုင်ရိုးမ ရှေ့တန်းနေရာများ၊ မကွေးတိုင်းရှိ တော်လှန်ရေးနယ်မြေများသို့ ပို့ဆောင်နေကြောင်းလည်း တပ်ရင်း-၃၆၀၂ ထံမှ သိရသည်။
သိမ်ကုန်းတာဝါတိုင်စခန်းမှာ ၎င်းအနီးတဝိုက်ရှိ ပတ်ဝန်းကျင်ဒေသကို နယ်မြေထိန်းချုပ်သည့် စစ်စခန်း တစ်ခုဖြစ်ပြီး ဒေသခံများကို ပေါ်တာဆွဲခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်စီးခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည့် စခန်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် မေ ၁၇ ရက်နေ့က သိမ်ကုန်းတာဝါတိုင်စခန်းကို စစ်အင်အားဖြည့်တင်းရန်လာသည့် အင်အား ၇၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်ခရိုင်တပ်ရင်း-၃၆၀၁၊ ၃၆၀၂ နှင့် ပြည်ခရိုင်(ပကဖ) အဖွဲ့တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် သုံး ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ အဆိုပါ စခန်းတွင်းသို့ ထွက်ပြေးဝင်ရောက်သွားခဲ့ကာ ဆက်လက်ပိတ်ဆို့တိုက်ခိုက်ခံခဲ့ရပြီးနောက် စခန်းစွန့်ခွာ သွားကြခြင်းဖြစ်သည်။
ဓာတ်ပုံ – ပေးပို့
#ပေါင်းတည် #စစ်ကောင်စီ #စခန်းစွန့်ခွာ #ထွက်ပြေး #တိုက်ပွဲ #Ayeyarwaddy_Times