ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်

နိုင်ငံတွင်းမှာ လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး မလွှဲမသွေလုပ်ဆောင်ရမည်ဟု ပြောဆိုထားသည့် စစ်ခေါင်း ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘက်ထရီမီးရထားစက်ခေါင်းများမှာယူထားပြီး မကြာခင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် စက်သုံးဆီကို လျှော့ချတင်သွင်းနိုင်ရန် EV ကားများ တင်သွင်း လာပြီး ယခုအခါ လျှပ်စစ်ရထား (EMU) များပြေးဆွဲနိုင်ရေးအစား လျှပ်စစ်လိုအပ်ချက်အတွက် ဘက်ထရီစနစ်သုံး မီးရထားစက်ခေါင်းများ အသုံးပြုတော့မည်ဟု စစ်ခေါင်းဆောင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ မေ ၂၀ ရက်က နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ထိုသို့ထည့်သွင်း ပြောဆို ခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာအရ သိရသည်။

“ပို့ဆောင်ရေးနှင့်ပတ်သက်ပြီး လျှပ်စစ်စွမ်းအင်သုံး ပို့ဆောင်ရေးစနစ်ကို ဆက်လက်အကောင် အထည်ဖော်၍ တတ်နိုင်သရွေ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မကြာမီကာလအတွင်း ဘက်ထရီစနစ်သုံး မီးရထား စက်ခေါင်းများလည်းရောက်ရှိတော့မည်ဖြစ်ပြီး စတင်အသုံးပြုနိုင် တော့မည် ဖြစ်သည်” ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

ထို့ပြင် နှစ်စဉ်အမေရိကန်‌ဒေါ်လာ ၅ ဘီလီယံတန်ဖိုးရှိ စက်သုံးဆီများကို တင်သွင်းနေရသည့် အတွက် လောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ရန် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ် EV ကားတင်သွင်းမှုကို ခွင့်ပြုပေးခဲ့ပြီး EV ကားတင်သွင်းမှုမှာလည်း နိုင်ငံခြားငွေလိုအပ်ချက်ရှိနေသည့်အတွက် ကန့်သတ်မှုများ ရှိနေသည်ဟု ၎င်းကဆိုထားသည်။

နိုင်ငံခြားငွေဈေးမြင့်တက်မှုမှာ ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာနေမှုများနှင့် နိုင်ငံခြား ငွေသုံးစွဲမှုများပြားလျက်ရှိပြီး နိုင်ငံခြားငွေလိုအပ်ချက် ရှိ‌နေသည့်အတွက် EV တင်သွင်းမှုမှာ ကန့်သတ်မှုများဖြစ်နေကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ပိုမိုအားပေးဆောင်ရွက်ပြီး အသုံးပြုမှုများ ပြားလာမည် ဆိုပါက နှစ်စဉ်ပြည်ပမှ လောင်စာဆီတင်သွင်းနေမှုများကို လျော့ချနိုင်မည် ဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုထားသည်။

လျှပ်စစ်သုံးစွဲမှုကို ပြည်တွင်းတွင် အလှည့်ကျအုပ်စုစနစ်နှင့် မျှဝေသုံးစွဲနေရသော်လည်း နိုင်ငံတွင်း လျှပ်စစ်ရထား (EMU) ပြေးဆွဲနိုင်ရေးသည် မလွှဲမသွေပြောင်းလဲရမည့် လုပ်ငန်းတစ်ခုဖြစ်သည်ဟု ပြောဆိုထားသည့် စစ်ခေါင်းဆောင်က ယခုအခါ ဘက်ထရီစနစ်သုံး မီးရထားစက်ခေါင်းများ မှာယူထားပြီး စတင်သုံးစွဲမည် ပြောကြားလာခြင်းဖြစ်သည်။

#လျှပ်စစ် #အလှည့်ကျ #မျှဝေသုံးစွဲ #စစ်ခေါင်းဆောင် #ဘက်ထရီ #မီးရထားစက်ခေါင်း #အသုံးပြုမည် #Ayeyarwaddy_Times