နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်

မြန်မာ-အိန္ဒိယနယ်စပ်တွင် တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော် ၁၀ ဦး ဖမ်းဆီး သတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်၍ အချက်ငါးချက် တောင်းဆိုထားမှုအပေါ် အိန္ဒိယအစိုးရအနေဖြင့် စဉ်းစားဆောင် ရွက်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံက သိရသည်။

အဆိုပါရဲဘော်များသည် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကမ္မကြီးကျေးရွာအနီးတွင် ယာယီစခန်းရွှေ့ပြောင်း တာဝန်ထမ်းဆောင်နေစဉ် မေ ၁၄ ရက်က စခန်းမှ ပျောက်ဆုံးသွားပြီး ရုပ်အလောင်းများကို အိန္ဒိယ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ထံမှ မေ ၁၆ ရက်၌ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

“အိန္ဒိယအစိုးရကို အချက်ငါးချက် တောင်းဆိုထားတာ ရှိပါတယ်။ ဒါကို အလေးအနက်ထားပြီး စဉ်းစားဆောင်ရွက်ပေးလိမ့်မယ်လို့ ကျွန်တော်တို့ကတော့ အပြည့်အဝယုံကြည်ပါတယ်” ဟု NUG ဝန်ကြီး ချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

NUG က အိန္ဒိယအစိုးရထံ တောင်းဆိုထားသည့် အချက် ငါး ချက်မှာ (၁) အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန်၊ (၂) အိန္ဒိယကို ဆန့်ကျင်တိုက်ခိုက်နေသူများ မဟုတ်ဟု သိရှိပါလျက် ရက်စက်စွာ သတ်ဖြတ်ခြင်းအပေါ် တာဝန်ယူမှုရှိစွာဖြင့် စုံစမ်းစစ်ဆေး၊ အပြစ်ပေး အရေးယူ ဖြေရှင်းပေးရန်၊ (၃) နစ်နာမှုများအတွက် တာဝန်ယူဆောင်ရွက်ပေးပြီး၊ နစ်နာသူ မိသားစုများအား နစ်နာကြေးပေးဆောင်ရန်၊ (၄) နောင်တွင် အလားတူ ကိစ္စများ မဖြစ်စေရေးအတွက် စီမံဆောင်ရွက်ပေးရန်၊ (၅) နှစ်နိုင်ငံ နယ်ခြားစည်းညှိနှိုင်းမှု မပြီးပြတ်သေးသည့်ကာလတွင် တဖက်သတ် ခြံစည်းရိုးခတ်ခြင်းအား ယာယီ ရပ်ဆိုင်းထားခြင်းဖြင့် ယခုကဲ့သို့ ဖြစ်စဉ်များအား ရှောင်လွှဲရန်တို့ ဖြစ်သည်။

NUG သည် အဆိုပါရဲဘော်များ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ယမန်နေ့ မေ ၂၀ ရက်က ဖြစ်စဉ်ဖြစ်ရပ်များအပါအဝင် အချက်ငါးချက်ကို သဘောထားထုတ်ပြန်တောင်းဆိုခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးကို မထိခိုက်စေလိုကြောင်း ဖော်ပြထားသည်။

မြေပြင်အခြေအနေ စစ်ဆေးမှု၊ အစီရင်ခံစာ တွေ့ရှိချက်၊ ဆွေးနွေးတွေ့ရှိချက်များအရ ဖြစ်စဉ် အမှန်သည် အိန္ဒိ ယမီဒီယာ ထုတ်ပြန်ချက်များနှင့် ကွဲလွဲနေပြီး ထိုရဲဘော်များမှာ အိန္ဒိယ နိုင်ငံဘက်ခြမ်းတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွား၍ ကျဆုံးခြင်းမဟုတ်ကြောင်း NUG က ဆိုထားသည်။

ယင်းအပြင် ယာယီစခန်းရွှေ့ပြောင်းမှုကို ကြိုတင်သတင်းပေးပို့ထားလျက် အိန္ဒိယနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဖြစ်သည့် Assam Rifles (တပ်ရင်း ၁၊ ချန်ဒေခရိုင်၊ မဏိပူရ်ပြည်နယ်)၏ အကြောင်းပြချက်မှာ ခိုင်လုံခြင်းမရှိဘဲ ဖမ်းဆီးခေါ်ဆောင် နှိပ်စက်သတ်ဖြတ်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီလိုကိစ္စရပ်ပေါ် မူတည်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ ဆက်ဆံရေးကို ထိခိုက်တာမျိုး ကျွန်တော်တို့က မလို လားဘူး။ အဲအတွက်ကြောင့် အမှုမှန်ပေါ်ပေါက်မှုပေါ် အခြေခံပြီတော့ ဆောင်ရွက်သင့်တာတွေကို ဆောင်ရွက်ကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

ယခုဖြစ်ပွားမှုသည် အိန္ဒိယအစိုးရ၏ မူဝါဒသဘောထား ရပ်တည်ချက်ကို ကိုယ်စားမပြုဟု ယုံကြည် သလို ၎င်းအနေဖြင့် ယခင်ပေးပို့ထားသည့် မူဝါဒအတိုင်း နှစ်နိုင်ငံဆက်ဆံရေးကို အရှည်ရှေးရှုလျက် နယ်စပ်ဒေသကိစ္စရပ်များ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဟု NUG က ထုတ်ပြန်သည်၊

ထို့အပြင် ယခုထုတ်ပြန်ချက်သည် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားလည်းဖြစ်၍ အိန္ဒိယ အစိုးရအနေဖြင့် အလေးထား ဆောင်ရွက်မည်ဟု ယုံကြည်ပါကြောင်းနှင့် အမှုမှန်မပေါ်ပေါက်ခဲ့ပါက ဖြစ်ပေါ်လာ မည့်ကိစ္စများတွင် NUG အနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဓာတ်ပုံ-တမူးပကဖ
ပုံစာ- ဖမ်းဆီးသတ်ဖြတ်ခံရသည့် ရဲဘော်များကို မေ၁၆ရက် မွန်းလွဲပိုင်းက မီးသင်္ဂြိုဟ်နေသည့် မြင်ကွင်း။
#တမူးခရိုင် #ပကဖရဲဘော်များ #ဖမ်းဆီးသတ်ဖြတ်ခံရမှု #NUG #အိန္ဒိယအစိုးရ #အချက်၅ချက်တောင်းဆို #အလေးအနက်ထား #စဉ်းစားဆောင်ရွက် #Ayeyarwaddy_Times