ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်

ရွေးကောက်ပွဲမတိုင်မီ ဆုံးရှုံးသွားသည့် တိုင်းရင်းသားနယ်မြေများနှင့် နယ်မြေစိုးမိုးမှုမရှိသည့် မြေလတ်ဒေသမှနယ်မြေများကို ထိန်းချုပ်မှုရရှိနိုင်ရေး တိုက် စစ်အရှိန်မြှင့်သွားမည်ဟု နေပြည်တော်တွင် ကျင်းပသည့် အစည်းအဝေးများတွင် စစ်ခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း သိရသည်။

ကရင်နီနယ်မြေ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ကိုင်းတိုင်း၊ မြစ်ဝကျွန်းပေါ်နှင့် မန္တလေးတိုင်အတွင်း ကြည်းကြောင်း၊ လေကြောင်းနှစ်ခုသုံးပြီး ရွေးကောက်ပွဲမတိုင်မီ စက်တင်ဘာလအတွင်း တပြိုင်တည်း တိုက်စစ်အရှိန်မြှင့်သွားမည်ဟု စစ်ရုံးချုပ် အစည်းအဝေးအရ သိရကြောင်း တပ်သတင်းရင်းမြစ်က ဆိုသည်။

“မေ ၁၂ ရက်‌ကနေပြီးတော့ လက်အောက်ခံဗိုလ်ချုပ်တွေ၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး)တွေနဲ့ အစည်းအဝေးခေါ်ယူခဲ့တယ်။ မေ ၁၅ ရက်ကနေ ၁၆ ရက်နေ့ထိ စစ်တိုင်းမှူးတွေကို နေပြည်တော် ခေါ်ပြီး ဆက်တိုက်အစည်းအဝေး လုပ်နေတယ်။ နေရာအပြောင်းအလဲတွေ လုပ်ဖို့ရှိတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ရေးအရှိန်မြှင့်တင်မည့်ရက်ကို အတိအကျသတ် မှတ်ထားပြီး စစ်အင်အား၊ လက်နက်ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါးများ စုပုံထားရှိမည့် စီမံချက်များကို စစ်တိုင်း မှူးများက ယခုမေလမကုန်မီ စစ်ရုံးချုပ် သို့ပြန်လည်တင်ပြကြရမည်ဖြစ်ကြောင်း သိရသည်။

စစ်ခေါင်းဆောင်က ကရင်နီနှင့် စစ်ကိုင်းတိုင်း၊ ယခုတိုက်ပွဲပြင်းထန်‌‌နေသည့် မြစ်ဝကျွန်းပေါ်နှင့် မန္တလေး တိုင်းအတွင်းကို အထူးပစ်မှတ်ထား၍ စစ်ရေးအစီမံများချမှတ်ပြီး စစ်တိုင်းမှူ၊း ကစထမှူးများနှင့် အစည်း အဝေးကျင်းပတိုင်း ထည့်သွင်းပြောဆိုမှုပြုလုပ်ခဲ့ကြောင်း စစ်ရုံးနှင့်နီးစပ်သူထံမှ သိရသည်။

စစ်ရေးပြင်းထန်နေသည့် ကချင်၊ ရခိုင်နှင့် ကရင်ဘက်ကိုမူ ထည့်သွင်းဆွေးနွေးခြင်းမရှိသေးဘဲ အဆို ပါနယ်မြေများကို ကစထမှူးများကသာ သီးသန့်စီမံချက်ဖြင့် ကိုင်တွယ်ရမည်ဖြစ်ပြီး နယ်မြေစိုးမိုးမှု ပြုလုပ်နိုင်ခြင်းမရှိသေးသည့် အညာမြေလတ်ဒေသနှင့် ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်- ဧရာဝတီ အစပ်တို့ကို အဓိကပစ်မှတ်ထား၍ စစ်ရေးအရှိန်မြှင့်ရန် စီမံနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ မန္တလေး တိုင်း သပိတ်ကျင်းမြို့နယ်နှင့် မြစ်ဝကျွန်းပေါ်ရှိ အင်္ဂပူ၊ လေးမျက်နှာတို့ကို နေ့စဉ်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ (ပုံဟောင်း)

#တိုင်းရင်းသားဒေသ #အညာမြေလတ် #စစ်ကောင်စီ #ကြည်း #လေ #စစ်အရှိန်မြှင့်ရန် #စီမံချက်ချ #Ayeyarwaddy_Times