
ဧရာဝတီတိုင်းမ်
မေ ၂၀ရက်
တရုတ်သဘာဝဓာတ်ငွေ့စက်ရုံရှိရာ မလကျွန်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် ( AA) တို့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းနှင့် ရေတပ်တို့မှနေ၍ တိုက်ခိုက်နေကြောင်း သိရသည်။
မလကျွန်းကျေးရွာမှ စစ်ကြောင်းထိုးထွက်လာသည့် စစ်ကောင်စီတပ်ကို AAက တိုက်ခိုက်ရာ စစ်ကောင်စီတပ်များ Shwe Onshore Gas Terminal ရွှေ OGT စက်ရုံနားအထိ တပ်ဆုတ်လာရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် မေ ၁၇ရက်နေ့ကတည်းက စစ်ကောင်စီတပ်များ ရွှေ OGT စက်ရုံနားအထိ နောက်ဆုတ်တပ်စွဲပြီး ခုခံနေရကာ လေကြောင်းမှ ကြဲချသည့်ဗုံးများ စက်ရုံနားအထိကျရောက် ပေါက်ကွဲမှု ရှိကြောင်း သိရသည်။
“လိပ်ခမော်ကနေ မလကျွန်း ပြီးတော့ ရွှေ ဓာတ်ငွေ့စက်ရုံနားထိ စစ်တပ်ကဆုတ်ခွါပေးထားရပြီ” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် မေ ၁ရက်နေ့က စစ်ကောင်စီ၏ လိပ်ခမော်ကျေးရွာရှိ စခန်းသိမ်းပိုက်ခံရပြီး မလကျွန်းကျေးရွာ အထိ စစ်ကောင်စီတပ်ဖွဲ့များ တပ်ဆုတ်လာရခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီက တရုတ်ဓာတ်ငွေ့သိုလှောင်စက်ရုံကို အကာအကွယ်ပြုကာ တပ်စွဲနေရာ ယူထားပြီး လေကြောင်းမှပါ တိုက်ခိုက်လျက်ရှိပြီး ယနေ့ မေ၂၀ရက်နေ့တွင် စစ်ကောင်စီ၏ မင်းတပ်တောင်စခန်းကို AAက သိမ်းယူထားပြီဖြစ်ကြောင်း သိရသည်။
#ကျောက်ဖြူ #တရုတ်ဓာတ်ငွေ့စက်ရုံ #စစ်ကောင်စီ #တပ်ဆုတ်ခုခံ #Ayeyarwaddy_Times