
(ကလေး)၊ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှ စစ်ကောင်စီအင်အား နှစ်ရာ ဝန်းကျင်ပါဝင်သောစစ်ကြောင်းသည် စစ်ကား ၁၅ စီးဖြင့် ချင်းပြည်နယ်ဘက်သို့ ကလေး – သိုင်းငင်း ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာကြောင်း စစ်ရေးသတင်းအရင်းမြစ်ထံက သိရှိရသည်။
ယမန်နေ့ မေ ၁၉ ရက်နေ့၊ နံနက် ၄ နာရီခန့်မှစ၍ ကလေးမြို့နယ်မှ ချင်းပြည်နယ်ဘက်သို့ စစ်ကောင်စီ စစ်ကြောင်း ချီတက်ရာ ကားလမ်းတစ်လျောက်ကို လေယာဥ်နှင့် ကင်းထောက်ပြီး စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။
“ကလေးမြို့က တက်လာတုန်းက စစ်ကား ၁၅ စီးရှိတယ်။ အင်အား ၂၀၀ လောက်ပါမယ်။ ရှေ့က ခြေလျှင်တစ်ဝက်၊ ကားတစ်ဝက်စီးတို့နဲ့ တက်လာတယ်။ မနေ့ နေ့လယ်လောက်ကဆို စစ်ကြောင်းချီတက်ရာလမ်းကြောင်းတွေကို လေယာဥ်နှင့် ကင်းပတ်ထောက်တယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကြောင်းချီတက်ပြီးနောက် ကလေးမြို့နယ်အစပ် တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ရဲစခန်းရှိ စစ်ဆေးရေး ဂိတ်ကလည်း ချင်းပြည်နယ်ဘက်သို့ တက်မည့် ယာဥ်များအားလုံးကို ပိတ်ဆို့ထားသည်။
ကလေး – သိုင်းငင်း ကားလမ်းရှိ ကျေးရွာများမှပြည်သးများသည် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြသည့်အတွက် တိမ်းရှောင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
“မနေ့က နေ့လယ်လောက်မှာ ခိုင်ကမ်းနဲ့ မွှာလ်ပီး ကြားမှာ ကင်းထောက်လေယာဥ်တွေ ဝဲနေတယ်။ ကားလမ်းဘေးက ရွာသားတွေကလည်း ဗုံးကြဲမှာနဲ့ စစ်ကြောင်းထိုးတော့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်တာနဲ့ တိမ်းရှောင်နေကြပါတယ်။လောလောဆယ် အဲစစ်ကြောင်းက ဘယ်အနားရောက်ပြီလဲတော့ မသိရသေးပါဘူး” ဟု တီးတိန်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် မေ ၁၆ ရက်နေ့က ခိုင်ကမ်းမြို့မ ရဲစခန်းတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီး အရပ်သား လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းထိုးသည့်အတွက် ကလေး-သိုင်းငင်း ကားလမ်း အတက်/အဆင်း အားလုံးကို CDF CDM Siyin က ယာယီပိတ်ထားကြောင်း ယနေ့ မေ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
#ကလေးမြို့ #ချင်းပြည်နယ် #စစ်ကောင်စီအင်အား၂၀၀ ဝန်းကျင် #စစ်ကြောင်းထိုး #Ayeyarwaddy_Times