
ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် စုဆောင်းထားရှိသော လူငယ်များကို စစ်မှုထမ်းအမှတ်စဉ် ၁၃ တွင်တက်ရောက်ရန် မေ ၁၈ ရက်က သင်တန်းကျောင်းများသို့ စတင်စေလွှတ်ခဲ့ကြောင်းသိရှိရသည်။
စစ်သင်တန်းတက်ရန် စုဆောင်းခံထားရသည့် လူငယ် ၂၀၀ ခန့်ရှိပြီး ဧရာ၀တီ ၊ရန်ကုန်နှင့် ပဲခူးတိုင်းရှိ စစ်သင်တန်းကျောင်းများကိုစစ်ကောင်စီမှလုံခြုံရေးရယူကာ ညနေပိုင်းတွင် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
“ခုက နံမည်စာရင်းပါတယ်ဆိုရင် ပြေးကြလို့အကြောင်းမကြားပဲ အုပ်ချုပ်ရေးမှုးတွေ ခေါ်ခံရတဲ့သူတွေ နဲ့ ငွေယူပြီးလူစားထိုးလိုက်တဲ့သူတွေ လဲများတယ်”ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
သင်တန်းတက်ရောက်မည့်သူများကို ဧရာ၀တီတိုင်း၀န်ကြီးချုပ်နှင့် စစ်တိုင်းမှူးမှ လာရောက်တွေ့ဆုံကြောင်း စစ်ကောင်စီပိုင်မီဒီယာများမှ သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတွင် တပ်သားအင်အားလိုအပ်ချက်များလာသောကြောင့် ပြီးခဲ့သည့်ဧပြီလ ၂၀ရက်နေ့ကလည်း လူငယ်များအား အပါတ်စဉ် ၁၂ အတွက် သင်တန်းပေးနေပြီး တစ်လမပြည့်ခင်မှာပင် ယခုသင်တန်းကို ထပ်မံခေါ်ဆောင်ခဲ့ကြောင်းသိရသည်။
စစ်မှုထမ်းသင်တန်းတက်ရောက်ပြီး ရှေ့တန်းသို့ပို့ဆောင်ရာတွင် သေဆုံးမှုများရှိလာသဖြင့်ထွက်ပြေးတိမ်းရှောင်သူများလာသောကြောင့် ရပ်ကွက်နှင့်ကျေးရွာများတွင် အကြောင်းမကြားပဲ ခေါ်ယူခံရသူများနှင့် ငွေယူပြီးလူစားထိုးခံရသူများပြားလာကြောင်း သိရသည်။
#ဧရာ၀တီတိုင်း #စစ်မှုထမ်း #စုဆောင်းခံခဲ့ရသည့်လူငယ်များ #အပါတ်စဉ်၁၃ #သင်တန်းကျောင်းများသို့ပို့ဆောင်
#Ayeyarwaddy_Times