
ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်
ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်း မြင့်တက်နေပြီး သာမာန်တုပ်ကွေးရောဂါ ဖြစ်ပွားနှုန်းထက် ခုနစ်ဆနီးပါး ပိုမိုပြန့်ပွားနေကြောင့် ထိုင်းသတင်းမီဒီယာများထံမှ သိရသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်မှ ကောက်ယူရရှိထားသည့် စာရင်းများအရ ဆေးရုံတွင်လာရောက် ကုသမှုခံယူခဲ့သည့် ကိုဗစ်-၁၉ လူနာအရေအတွက်မှာ ၄၃၂၁၃ ဦးအထိရှိခဲ့ပြီး ယခင်အပတ်များထက် ၃၅ ဒသမ ၅ ရာခိုင်နှုန်းခန့် တိုးလာကြောင်းလည်း သိရသည်။
ကိုဗစ်-၁၉ ရောဂါသည် တုပ်ကွေး ဖြစ်ပွားမှုနှုန်းနှင့် နှိုင်းယှဉ်ပါက အသက်အရွယ် အချိုးအားဖြင့် ၇ အချိုး ၁ နှုန်း ခုနစ်ဆနီးပါး ပိုမိုဖြစ်ပွားနေပြီး အသက်လေးနှစ်အောက် ကလေးများမှာ ၄ အချိုး ၁ နှုန်းဖြင့်လည်းကောင်း၊ အသက် ၅ နှစ်မှ ၁၉ နှစ်အရွယ်များမှာ ၃ အချိုး ၁ နှုန်းဖြင့်လည်းကောင်း၊ အသက် ၂၀ နှင့်အထက်အရွယ်များမှာ ၁၀ အချိုး ၁ နှုန်း အထိ ရောဂါကူးစက်မှု ဖြစ်ပွားနေကြောင်း သိရသည်။
“ဖျားတဲ့သူတွေများတယ်။ အသိတွေထဲမှာလည်း ဖြစ်ကြတယ်။ အရင်ကိုဗစ်လောက်ထိတော့ ရောဂါ လက္ခဏာမပြင်းသေးဘူး။ ကျောင်းတွေကနေတော့ သတိပေးတာမျိုး မရှိသေးဘူး။ သာမန်အဖျားလို့ပဲ သတ်မှတ်သေးတာနေမယ်” ဟု ကိုဗစ်-၁၉ ကူးစက်ခဲ့သည့် မြန်မာကျောင်းသားတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါမှာ ထိုင်းနိုင်ငံရှိ ဘန်ကောက်၊ ချင်းမိုင် စသည့်မြို့ကြီးများအပြင် အာရှတိုက်ရှိ နိုင်ငံအချို့တွင်လည်း ကူးစက်နှုန်းမြင့်တက်နေကြောင်း သိရသည်။
Chulalongkorn University မှ တွဲဖက်ပါမောက္ခ ဒေါက်တာ Thira Woratanarat ကလည်း Covid-19 ရောဂါမှာ လွန်ခဲ့သည့် ရက်သတ္တပါတ်များမှစတင်ကာ လူထုအကြားတွင် ကူးစက်ပြန့်ပွားနေပြီ ဖြစ် ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ပြောဆိုခဲ့သည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ ကိုဗစ်ရောဂါ ကူးစက်နှုန်းမြင့်မားလာနေပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်မှ မေ ၁၄ ရက်နေ့အထိ အစိုးရ၏ ကိုဗစ်-၁၉ သတင်းအချက်လက်စင်တာမှ စာရင်းများအရ ရောဂါဖြစ်ပွားသူ ၇၁,၀၆၇ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၉ ဦးရှိအထိ ရှိကြောင်း သိရှိရသည်။
ထို့ပြင် ထိုင်းနိုင်ငံအနေဖြင့် အစုလိုက်အပြုံလိုက်ရောဂါဖြစ်ပွားလာမှု အခြေအနေအတွက် ထိရောက် သည့် ရောဂါထိန်းချုပ်မှုနှင့် ကြိုတင်ကာကွယ်ရေး အစီအစဉ်တို့ကို ပြင်ဆင်ထားပြီး ဆေးရုံများ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ နှင့် လိုအပ်သည့်ဆေးဝါး တို့ကိုလည်း ပြင်ဆင်ထားကြောင်း သိရသည်။
ကိုးကား – The Nation Thailand
#covid19 #Ayeyarwaddy_Times