
ဧရာဝတီတိုင်းမ်
မေ ၁၉ ရက်
ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းနှင့် ကမ်းနားလမ်းထောင့်တွင် ခါးပိုက်နှိုက်အဖွဲ့က လူငယ်တစ်ဦးကို အုပ်စုဖွဲ့ဝိုင်းရိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ခါးပိုက်နှိုက်များသည် ယနေ့ မေ ၁၉ ရက် နံနက်ပိုင်းက YBS ၈၉ ယာဉ်လိုင်းပေါ်၌ ဖုန်းခိုးယူစဉ် ဖုန်းနှိုက်ခံရသည့် လူငယ်နှင့် ခါးပိုက်နှိုက်အဖွဲ့တို့ စကားအခြေတင်များကာ ခါးပိုက်နှိုက်များကအုပ်စုဖွဲ့ ဝိုင်းရိုက်မှုကြောင့် လူငယ်ကို အရေးပေါ်ကုသမှုခံယူရန် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့လိုက်ရကြောင်း ကူညီရေးလုပ်ဆောင် ခဲ့သူထံမှ သိရသည်။
“ဖုန်းနှိုက်တာကို သိသွားတော့ ကောင်လေးနဲ့ စကားများတာမှာ သူတို့ကအုပ်စုလိုက်။ ကောင်လေးကို ကားပေါ်ကနေတွန်းချပြီး အောက်မှာဝိုင်းရိုက်ကြတာ။ ဖုန်းကိုပေါ်တင်နှိုက်လုတာ။ ဘယ်သူမှ ဝင်မကူညီရဲဘူး။ မင်းမဲ့တိုင်းပြည်ဖြစ်နေပြီ။ ကောင်လေးက သတိလစ်နေတာ။ သူတို့ထွက်သွားမှ ကူညီကယ်ဆယ်ရေးအဖွဲ့ကို ဖုန်းခေါ်ပြီး ဆေးရုံ ပို့လိုက်ရတယ်”ဟု မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ခါးပိုက်နှိုက်အဖွဲ့မှ ၁၉ နှစ်အရွယ် အဆိုပါလူငယ်ကို ကားပေါ်မှ တွန်းချပြီး အုပ်စုလိုက် ရိုက်နှက်ခဲ့ရာ ဦးခေါင်း ညာဂျိုစောင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီးနောက် သတိလစ်မေ့လဲသွားခဲ့ခြင်းဖြစ်ကြောင်း ကူညီခဲ့သည့် ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
“ခါးပိုက်နှိုက်များအုပ်စုဖွဲ့ဝိုင်းရိုက်မှုဖြစ်ပွား၍ ပန်းဆိုးတန်း နဲ့ ကမ်းနာလမ်းထောင့်တွင် သတိလစ် နေတဲ့အတွက် လူမှုကူညီရေးအသင်းကို ပြည်သူတွေကဖုန်းဆက် အကူညီတောင်းခံ လာတဲ့အတွက် မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီးနောက် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြပါတယ်”ဟု ဆိုသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ရန်ကုန်မြို့လယ်တွင် ထိုနည်းတူ အုပ်စုဖွဲ့ရိုက်လုမှုများ၊ ရွှေဆိုင်ဓားပြတိုက်မှုများ၊ ဓားထောက်လုယက်မှုများအပြင် နေအိမ်များတွင်လည်း လူသတ်လုယက်၊ ဖောက်ထွင်းမှုများကို ပေါ်ပေါ်ထင်ထင်ကျူးလွန်လာကြသည်ကို ကျူးလွန်ခံရသူများနှင့် သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ သိရသည်။
ဓာတ်ပုံ-ကိုပူတူး
#ရန်ကုန်မြို့လယ် #ကျောက်တံတား #ပန်းဆိုးတန်း #ခါးပိုက်နှိုက် #အုပ်စုဖွဲ့ရိုက်နှက် #လူငယ်တစ်ဦး #ဆေးရုံတင် #Ayeyarwaddy_Times