ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်

သမ္မတ ဒေါ်နယ်ထရမ့်အစိုးရဟာ ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်း ၁ သန်းကို လစ်ဗျား နိုင်ငံသို့ ရွှေ့ပြောင်းမယ့်အစီအစဉ်ကို လုပ်ဆောင်နေတယ်လို့ အမေရိကန်ရုပ်သံလွှင့်ဌာန NBC News က ဖော်ပြပါတယ်။

အမေရိကန်အစိုးရက အဆိုပါအစီအစဉ်ကို လစ်ဗျားခေါင်းဆောင်ပိုင်းနဲ့ အလေးအနက်ထားပြီး ဆွေးနွေးခဲ့တယ်လို့ NBC News က ဆိုပါတယ်။

၂၀၁၁ ခုနှစ်မှာ သက်တမ်းရှည် အာဏာရှင် မူအမ်မာကဒါဖီ ဖြုတ်ချခံရပြီးနောက် လစ်ဗျားနိုင်ငံ ဟာ ကစဉ့်ကလျားဖြစ်ပွားခဲ့ပြီး အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီး နှစ်ပိုင်းကွဲခဲ့ပါတယ်။

ပါလက်စတိုင်းတွေကို အခြေချခွင့်ပြုမှုကြောင့် အမေရိကန်အစိုးရဟာ ထိန်းချုပ်ထားတဲ့ ဘီလီယံ နဲ့ချီသော ဒေါ်လာတွေကို လစ်ဗျားနိုင်ငံသို့ ပြန်ပေးမယ်လို့ NBC News က ပြောပါတယ်။

အဆိုပါအစီအစဉ်နဲ့ပတ်သက်လို့ အမေရိကန်နဲ့ လစ်ဗျားအစိုးရတွေကြား အပြီးသတ် သဘောတူ ညီမှု မရသေးဘူးလို့ သိရပါတယ်။

ပါလက်စတိုင်းလူမျိုး တစ်သန်းကို အခြေချခွင့်ပြုမယ့် လုပ်ဆောင်မှုဟာ အကုန်အကျများနိုင်လို့ အခက်အခဲတွေ သိသိသာသာ ရှိလာနိုင်တယ်လို့ NBC News က ဆိုပါတယ်။

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုး မည်မျှအထိ လစ်ဗျားနိုင်ငံမှာ ဆန္ဒအလျောက် နေ ထိုင်မလဲလို့ NBC News က မေးခွန်းထုတ်ပါတယ်။

အမေရိကန်နိုင်ငံက ဂါဇာဒေသကို ထိန်းချုပ်ကာ ဒေသခံပြည်သူတွေကို အခြားနေရာသို့ ရွှေ့ ပြောင်းပြီး ဒေသကို ပြန်လည်တည်ဆောက်မယ်လို့ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလအတွင်း ပြောကြားခဲ့ ပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ မှတ်ချက်စကားကို အီဂျစ်၊ ဂျော်ဒန်နဲ့ အခြားတိုင်းပြည်တွေက အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။

ဂါဇာဒေသခံတွေကို လစ်ဗျားနိုင်ငံသို့ ရွှေ့ပြောင်းမယ့်အစီအစဉ်ကို အာရပ်တိုင်းပြည်တွေက ဆန့် ကျင်ဖွယ်ရှိနေပါတယ်။

ကိုးကား – NHK
Ref; NBC News: US preparing plan to move 1 million Palestinians to Libya

#Ayeyarwaddy_Times