ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်

မန္တလေးမြို့တွင် ယနေ့ မေ ၁၇ ရက်နေ့ ညပိုင်းက အင်အား ၅ ဒသမ ၂ ရစ်ခ်တာစကေးအဆင့်ရှိ ငလျင်သည် အနက် ၁၀ ကီလိုမီတာမှ လှုပ်ခတ်သွား၍ မြို့ခံများ ထိတ်လန့်စွာခံစားခဲ့ရကြောင်းသိရသည်။

အဆိုပါငလျင်သည် မန္တလေးတိုင်း၊ မြစ်သားမြို့၏ အ‌နောက်တောင်ဘက် ၆ မိုင်ခန့်အကွာမှ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယခုလှုပ်ခတ်မှုသည် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ၇ဒသမ၇ ရစ်ချ်တာစကေးရှိ အင်အားကြီးငလျင်လှုပ်ခတ်ပြီးနောက် ၁၇၅ ကြိမ်မြောက် လှုပ်ခတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ)က ထုတ်ပြန်သည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုအရှိန်ကို မန္တလေး၊ စစ်ကိုင်း၊ ‌ရမည်းသင်း၊ မိတ္ထီလာ၊ ပြင်ဦးလွင်၊ ကလော၊ ပင်းတယ၊ တောင်ကြီးအပါအဝင် မြို့အများအပြား ကျယ်ပြန့်စွာခံစားရကြောင်း ‌ဒေသခံများထံမှ သိရသည်။

ငလျင်လှုပ်ခတ်စဉ် စိုးရိမ်ထိတ်လန့်စွာဖြင့် နေအိမ်အပေါ်ထပ်မှ မြေပြင်သို့ဆင်းပြေးရခဲ့ပြီး ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်နေခြင်းကြောင့် ကျင့်သားရကာ ထွက်မပြေးသူများလည်း ရှိကြောင်း သိရသည်။

” ငလျင်လှုပ်တာကြာတယ်။ ကြမ်းလည်းကြမ်းတယ်။ ခဏခဏလှုပ်တော့ ထမပြေးမိဘူး။ ဆက်စောင့်ကြည့်နေတာ။ ထပ်လှုပ်ရင်တော့ထွက်ပြေးမလို့” ပြင်ဦးလွင်မြို့တွင် နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့်မတ်လ ၂၈ ရက်နေ့က အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် အင်အားသေးငလျင်များဆက်တိုက်လှုပ်ခတ်လျက်ရှိရာ ယနေ့လှုပ်ခတ်မှုသည် ပြင်းထန်ကြောင်းသိရသည်။

အင်အားအသင့်အတင့်ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေး၊ စစ်ကိုင်းမြို့ရှိ ပြိုကျလက်စအဆောက်အအုံများ ထပ်မံပြိုကျနိုင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဓာတ်ပုံ – မောင်ဉာဏ

#ငလျင်လှုပ်ခတ်မှု #အင်အားအသင့်အတင့် #မြို့အများအပြားခံစားရ #Ayeyarwaddy_Times