
ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်
စက်လှေတစ်စီးအပြည့်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများနှင့် အာရက္ခတပ်တော် (AA) ပါဝင်ပတ်သက်နေကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
AA သည် မူးယစ်ဆေးဝါးများ ရောင်းချရာတွင် ရရှိသည့်ငွေကြေးနှင့် လက်နက်ခဲယမ်းများကို ဝယ်ယူကာ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေသည်ဟု ယမန်နေ့ မေ ၁၆ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ထားခြင်းဖြစ်သည်။
အားမန်သစ်အမည်ရှိ စက်လှေတစ်စီးဖြင့် သယ်ဆောင်လာသည့် ပီနံအိတ် ၃၁ အိတ်နှင့်ထားထားသည့် ICE ၆၁၈ ကီလိုဂရမ်ကိုပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့က ဖျာပုံမြို့၏ အနောက်တောင်ဘက် ရေမိုင် ၆၀ ခန့်အကွာတွင် စစ်ကောင်စီက ဖမ်းမိခဲ့ကြောင်း သိရသည်။
အဆိုပါမူးယစ်ဆေးများသည် မလေးရှားနိုင်ငံသို့ ပို့ ဆောင်ရန်အတွက် သယ်ဆောင်လာခြင်းဖြစ်ပြီး AA ကို မလိုလားသည့် ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီကဆို သည်။
ဧပြီ ၂၇ ရက်နေ့တွင်လည်း ကော့သောင်းမြို့အနောက်ဘက် ရေမိုင် ၁၈၀ ခန့်အကွာ ပင်လယ်ပြင်အတွင်း ကုန်တင်သင်္ဘောတစ်စီးပေါ်တွင် ပီနံအိတ် ၂၂၀ အိတ်နှင့် ထည့်သွင်းတင်ဆောင်လာသည့် ICE ၃၄၇၅ ကီလို ဂရမ်၊ ကတ်တမင်း ၂၀၀၀ ကီလိုဂရမ်တို့နှင့်အတူ တရားခံ ၁၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးရမိထား ကြောင်း သိရသည်။
ထို့အပြင် AA ထောက်ပံ့ရေးတာဝန်ခံဖြစ်သည့် ကိုနေပိုင်လင်းနှင့် ဆက်စပ်သူများကို FMI အိမ်ရာ၊ မင်္ဂလာဒုံရှိ နေအိမ်နှင့် လှည်းကူးမြို့နယ်နှင့် ပြည်မြို့စသည့် နေရာအသီးသီးတို့တွင် ဆက်စပ်သူများကို ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။
AA သည် ရပ်တည်ရေးအတွက် အဆိုပါ မူးယစ်ဆေးများကို ရောင်းချ၍ရရှိသည့် ငွေကြေးဖြင့် လက်နက်ခဲယမ်းများဝယ်ယူရာတွင် အသုံးပြုနေသည်ဟုလည်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားသည်။
ယခု ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ တန်ဖိုး ငွေမှာ ကျပ် ၂၈၂ ဒသမ ၃၂၅ ဘီလီယံရှိပြီး ပါဝင်ပတ်သက်သူ ၂၆ ဦးကို ဖမ်းဆီးရမိထားပြီး လွတ် မြောက်နေသူ နှစ်ဦးကိုလည်း ဆက်လက်ဖမ်းဆီးရန် ကြိုးစားနေသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထား သည်။
ဓာတ်ပုံ-စစ်ကောင်စီ
#စက်လှေအပြည့် #မူးယစ်ဆေး #ICE #စစ်ကောင်စီ #ဖျာပုံဖမ်းမိ #Ayeyarwaddy_Times