ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆ ရွာထက်မနည်းကို စစ်ကောင်စီက နှစ်ရက် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မေ ၁၅ ရက် နံနက်ပိုင်းက ခြင်ကိုက်ကွင်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းရှေ့နှင့် သစ်စက်ရှေ့ရှိ ကွမ်းယာဆိုင်တို့ကို ဗုံးကျရောက်ပေါက်ကွဲကြောင်း သိရသည်။

“‌‌နေ့ညမရွေး လေကြောင်းတိုက်ခိုက်နေလို့ အုပ်ချုပ်ရေးမှူးတွေကအစ အခြားဒေသတွေကို ထွက်ပြေးတိမ်းရှောင်‌နေကြတယ်။ တလိုင်းကွင်းနဲ့ ကျီးတောငူဘက်ကို စစ်ရှောင်ကြတာများတယ်”လို့ အင်္ဂပူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် မေ ၁၅ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်ကလည်း ကွင်းကောက်မြို့ အမှတ် (၅) တပ်မတော်တန်းမြင့်လေ့ကျင်ရေးသင်တန်းကျောင်း (တတက ၅)တက်လာသည့် စက်တပ်လေထီးဖြင့် ဘယ်ပြားကုန်း၊ စာစီကုန်းကွင်းနှင့် ခြင်ကိုက်ကွင်းဘက်များသို့ လေကြောင်းတိုက် ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ မေ ၁၆ ရက် ည ၈ နာရီ ၃၀ မိနစ်အချိန်တွင်လည်း ဂျက်ဖိုက်တာနှစ်စီးဖြင့် ဝါးတောကွင်းရွာ၊ ကြက်ပေါင်ကုန်း၊ သံပုကုန်းရွာများဘက်သို့ လေ ကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ ငါးသိုင်းချောင်း၊ အင်္ဂပူ၊ လေး မျက်နှာမြို့နယ်တို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာ၊ ပါရာမော်တာ၊ Y 12 လေယာဉ်တို့ဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ထားသည့်အတွက် ဒေသခံများ ထွက်ပြေးနေရပြီး စစ်ကောင်စီခန့် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများပါ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်းက တတက-၅ အနီးသို့ တော်လှန်ရေးတပ်ဖွဲ့များ ထိုးစစ်နီးကပ်လာပြီးနောက် စစ်ကောင်စီသည် ကွင်းကောက်ဘက်ကို လမ်းကြောင်းပိတ်ဆို့မှုအချို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာစီကုန်းနှင့် ခြင်ကိုက်ကွင်းကျေးရွာများတွင်လည်း စစ်ကောင်စီက အမြောက်များတပ်ဆင်ထားကာ ကျေးရွာဝန်းကျင်များကို လက်နက်ကြီးများဖြင့်ပတ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ-စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ထားသည့်မြင်ကွင်း။

#ဧရာဝတီတိုင်း #အင်္ဂပူ #စစ်ကောင်စီ #နှစ်ရက်ဆက် #ဗုံးကြဲ #အုပ်ချုပ်ရေးမှူးများ #ထွက်ပြေး #Ayeyarwaddy_Times