ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်

စစ်ကောင်စီကိုဆန့်ကျင်ကာ CDM ပြုလုပ်ခဲ့သည့်မန္တလေးဆေးတက္ကသိုလ် ‌‌‌‌‌‌‌ပါမောက္ခချုပ် ပါမောက္ခဒေါက်တာခင်မောင်လွင်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးလိုက်ကြောင်း ယမန်နေ့ မေ ၁၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) က ထုတ်ပြန်ခဲ့သည်။

ပါမောက္ခဒေါက်တာခင်မောင်လွင်သည် စစ်ကောင်စီ အာဏာသိမ်းလိုက်သည့်အချိန်မှ စတင်ကာ CDM ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ‌‌‌‌‌၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် မန္တလေးဆေးတက္ကသိုလ်ကို CDM တက္ကသိုလ်အဖြစ်ကြေညာခဲ့ကာ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် စစ်ကောင်စီက နေအိမ်တွင်လာရောက်စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီသည် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင်ပါမောက္ခဒေါက်တာ ခင်မောင်လွင်ကို ဥပဒေပုဒ်မ-၅၀၅(က) ဖြင့် အရေးယူထား ကြောင်း ကြေညာခဲ့ပြီး ပါမောက္ခ ဒေါက်တာခင်မောင်လွင်မှာ လွတ်မြောက်နယ်မြေတစ်နေရာမှနေ၍ NUG ၏ ကျန်းမာရေး၀န်ကြီး ဌာနတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အနေဖြင့် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုမှ ဒီမိုကရေစီနည်းကျအပ်နှင်းလိုက်သည့်အာဏာ ကို ကျင့်သုံးလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ပါမောက္ခဒေါက်တာ ခင်မောင်လွင်ကို ဒုတိယ ဝန်ကြီးအဖြစ်ခန့်အပ်ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ပါမောက္ခ ဒေါက်တာခင်မောင်လွင်သည် ၁၉၈၇ ခုနှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ်(၁) မှ ဆရာဝန်ဘွဲ့ကို ရရှိခဲ့ကာ မန္တလေးဆေးတက္ကသိုလ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပါမောက္ခချုပ်အဖြစ် ၂၀၁၅ ခုနှစ်မှ စတင်ကာ တာဝန်ထမ်း ဆောင်ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့သည့် ကာလတွင်လည်း ရောဂါကုသ‌ တိုက်ဖျက်ရေး အတွက် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ – NUG၊ MOH
ပုံစာ – ပါမောက္ခဒေါက်တာခင်မောင်လွင်

#NUG #ကျန်းမာရေးဝန်ကြီးဌာန #ဒုတိယဝန်ကြီး #ခန့်အပ် #ဒေါက်တာခင်မောင်လွင် #စီဒီအမ် #Ayeyarwaddy_Times