ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆိုဖာစက်ရုံတစ်ခု၌ အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီးတစ်ဦးသည် မေ ၁၁ ရက်နေ့တွင် အမျိုးသားတစ်ဦး၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရပြီး ဆေးရုံတွင် အရေးပေါ် ကုသမှု ခံယူနေရကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ်ရှိ နစ်နာသူ မြန်မာအမျိုးသမီးသည် အဓမ္မပြုကျင့်ခံရမှုကြောင့် ပြင်းထန်သော ကိုယ်တွင်းဒဏ်ရာများ ရရှိခဲ့ပြီး ခွဲစိတ်မှု ပြုလုပ်ခဲ့ရကာ စိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

“ICU ထဲမှာ အသက်လုနေရတုန်းပဲ။ အသက်ရှင်နိုင် ခြေက တစ်ဝက်၊ တစ်ဝက်ပါပဲ။ သမီးရည်းစား ဟောင်းတွေလို့ သိရပြီး တစ်ယောက်တည်း ရှိတဲ့အချိန်မှာ ကျူးလွန်သွားတာ။ ပစ္စည်းတစ်ခုခု သုံးပြီး ပြင်းထန်စွာ နာကျင်စေခဲ့တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ် ” ဟု MHAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ကျူးလွန်သူ ကိုစိုးမိုးကျော်ကို MHAC မဟာမိတ်အဖွဲ့မှ ဦးဆောင်၍ ထိုင်းရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားပြီး ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ကျူးလွန်သူသည် အခင်းဖြစ်ပွားသည့်နေ့တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ခြေရှိသည့် သတင်းများကြောင့် နစ်နာသူ၏ ပြည်တွင်းရှိ မိသားစုများက သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်းလည်း သိရသည်။

“အမှုဖြစ်တဲ့ နေ့မှာပဲ ထွက်ပြေးသွားတယ်လို့သိရတယ်။ ထိုင်းဘက်မှာရဲတိုင်ရတာကနောက်ကျတော့ သူ့ဇာတိကို ပြန်ရောက်လာတယ်လို့ သတင်းပေးတဲ့သူတွေရှိတယ်။ မြန်မာဘက်က ရဲစခန်းမှာ အမှုဖွင့်တိုင်တဲ့ ကိစ္စတွေ စစ်ကောင်စီနဲ့ ပတ်သက်တာဖြစ်လို့ ကိုရဲမင်းတို့ ဝင်ပါမှာမဟုတ်ဘူး။ တော်လှန်ရေးနယ်မြေမှာ ဆိုရင်တော့ အရေးယူဖို့ရှိမယ်” ဟု ကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ဆက်လက် ပြောဆိုသည်။

ဓာတ်ပုံ – ကိုရဲမင်း
ပုံစာ – ကျူးလွန်သူ နှင့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားနေစဉ်။
#ထိုင်း #အဓမ္မပြုကျင့်မှု #အမျိုးသမီး #ရဲစခန်း #အမှုဖွင့်တိုင်ကြား #Ayeyarwaddy_Times