ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်

စစ်ကောင်စီခန့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဧရာဝတီတိုင်း၊ ပန်းတ‌နော်မြို့နယ်အတွင်း ဒေသအသီးသီးမှ တိုက်ပွဲကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများကို ထောက်ပံ့ကြေးငွေနှင့် ဆန်များ ပေးအပ်ခဲ့ကြောင်း ဧပြီ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့် အဖွဲ့မှ ယာယီနေရပ်စွန့်ခွာပြည်သူများကို တစ်ဦးလျှင် ငွေကျပ် ၄၀၀၀၀ နှင့် ဆန်တစ်ပြည်နှုန်းစီဖြင့် စုစုပေါင်း ၂၇၃ ဦးကိုပေးအပ်ခဲ့သည်ဟု ဆိုသည်။

အမှန်တကယ်တိုက်ပွဲဖြစ်ပွားနေသည့် ဧရာဝတီတိုင်းအတွင်းမှ လေးမျက်နှာ၊ သာပေါင်း၊ ကွင်းကောက် စသည့်ဒေသများမှ နေရပ်စွန့်ခွာပြည်သူအမြောက်အများရှိ‌နေသော်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ပန်းတနော်မြို့နယ်ထဲမှ ၎င်းတို့စစ်တပ်ထောက်ထံသူများ၊ ပြည်သူ့စစ်များနှင့် အုပ်ချုပ်ရေးအဖွဲ့များကို ပေးခြင်းဖြစ်ကြောင်း ကွင်းကောက်ဒေသခံတစ်ဦးထံက သိရသည်။

“တိုက်ပွဲမဖြစ်တဲ့နေရာက သူ့လူတွေကို ပွဲလုပ်ပြီး ပေးနေတာ။ သူတို့ပဲစားနေတာ။ တကယ် ဖြစ်နေတဲ့နေရာက လူတွေက ဘယ်ပြေးလို့ ပြေးရမှန်းတောင်မသိဘူး။ နေရာစုံကနေဗုံးကြဲနေတာ။ မဖြစ်တဲ့မြို့ပေါ်ကနေပြီး သူ့လူ၊ သူ့ဝန်ထမ်းတွေကို ပေးနေတာ။ ဘယ်သူ့တွေကို ပေးနေတာလဲ၊ တကယ်ပေးနေတာဆိုရင် လိုချင်ပါတယ်”ဟု ကွင်း ကောက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။

ပြီးခဲ့သည့် မေ ၁၃ ရက်နေ့ကလည်း လေးမျက်မှာမြို့ရှိ မြို့နယ်အားကစားကွင်းတွင် စစ်ကောင်စီခန့် ဧရာဝတီ တိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက စစ်ရှောင်များကို တစ်လလျှင် ငွေကျပ် ၂၀၀၀၀ သောင်းနှုန်းဖြင့် နှစ်လစာ ငွေကျပ် ၄၀၀၀၀ ထောက်ပံ့ပေးသွားမည်ဟု ပြောဆိုခဲ့သည်။

လက်ရှိတွင် ဧရာဝတီတိုင်းရှိ တိုက်ပွဲဖြစ်ပွားရာနေရာများမှ စစ်ရှောင်များအနေဖြင့် မြို့ပေါ်များသို့ တိမ်း ရှောင်ရာတွင် အခကြေးငွေအများအပြားပေးနေရပြီး နေထိုင်ရေးအတွက် အုပ်ချုပ်ရေးမှူးများအလိုကျ တောင်းခံသမျှ ပေးဆောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ
#ဧရာဝတီတိုင်း #ဝန်ကြီးချုပ်တင်မောင်ဝင်း #နေရပ်စွန့်ခွာ #ထောက်ပံ့ကြေး #ဆန် #စစ်ရှောင်များမရ #Ayeyarwaddy_Times