ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊မေ ၁၇ ရက်

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ထားဝယ်မြို့ အရှေ့တောဒေသ၌ ၁၀ ရက်ကျော်ကြာ တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်းဒေါနတပ်ရင်း ၊ချေမှုန်းရေး တပ်ခွဲ – ၇ (LPF) တာဝန်ရှိသူ ထံမှသိရသည်။

ထားဝယ်မြို့ အရှေ့တောဒေသသို့ စစ်ကြောင်းထိုးလာသည့် အင်အား ၂၀၀ ကျော်ပါသော စစ်ကောင်စီ စစ်ကြောင်း နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဧပြီ ၂၈ ရက် မှ မေ ၁၀ ရက်အထိ တိုက်ပွဲပေါင်း လေးကြိမ်ဖြစ် ပွားခဲ့ကြောင်း ဒေါနတပ်ခွဲ – ၇ (LPF) ထံမှသိရသည်။

ဧပြီလ ၂၈ ရက် နေ့တွင် အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်း တပ်များသည် မေလ ၂ ရက်ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် သရက်ငုတ် ကျေးရွာနှင့်ရမ္မဇူကျေးရွာအကြားတွင် ပထမအကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှု လေးဆယ်ငါးမိနစ် ခန့်ကြာမြင့်ခဲ့ကြောင်းသိရသည်။

ထို့အပြင် မေလ ၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်တွင် ဘဝပင်ကျေးရွာ တာဝါတိုင်အနီး ၌ ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲ တစ်ကြိမ် နှင့် ညနေ ၄ နာရီ ၄၅ မိနစ် မှ ၅ နာရီ ၃၅ မိနစ် ခန့်တွင် တတိယအကြိမ်ထိတွေ့တိုက်ပွဲတစ်ကြိမ် ၊ မေလ ၁၀ ရက် နံနက် ၇ နာရီ မှ ၈ နာရီအထိ စတုတ္ထအကြိမ် ထိတွေ့တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

“၁၂ ရက်အတွင်း မှာ အပြင်းအထန်တိုက်ပွဲလေးကြိမ်ဖြစ်ပွားတယ်။ စစ်ကောင်စီက အင်အား ၂၀၀ နဲ့ စစ်ကြောင်း သုံးကြောင်းခွဲပြီးတက်လာကြတယ်။ တပ်ရင်း ၁၀ရင်း ပေါင်းပြီးတက်လာကြတာပေါ့။ စစ်မှုထမ်းအမှတ်စဥ် (၈) က သင်တန်းဆင်းတွေပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ထိခိုက်ကျဆုံး မှုတွေရှိတယ်” ဟု ဒေါနတပ်ခွဲ -၇ (LPF) မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Leo က ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များရဲ့ ဆယ်ရက်ကျော်အကြာ ပိတ်ဆို့တိုက်ခိုက်မှု အတွင်း စစ်ကောင်စီတပ်သား ခြောက် ဦးသေဆုံး ပြီး ၄၀ ကျော် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော် နှစ် ဦးကျဆုံးခဲ့ရပြီး စိုးရိမ်ရသောဒဏ်ရာဖြင့် ၁ ဦး နှင့် မစိုးရိမ်ရသောဒဏ်ရာရ ၄ ဦး အသီးသီးရရှိခဲ့ကြောင်း (LPF) တာဝန်ရှိသူထံမှ သိရသည်။

“ကျွန်တော် တို့ဘက်က ရဲဘော် နှစ်ယောက်ကျဆုံးခဲ့ပါတယ်။ တစ်ယောက်က စိုးရိမ်ရတဲ့ဒဏ်ရာပေါ့။ သူနေတဲ့ နေရာ ဗုံးခိုကျင်းနားကို 79 နှစ်လုံးကျတာ။ အဲ့ဒီမှာထိသွားတယ်။ အခုတော့ဆေးကုသမှု ခံယူနေပါပြီ”ဟု (LPF) တာဝန်ရှိသူကဆက်လက်ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ဒေါနချေမှုန်းရေးတပ်ခွဲ-၇ Launglone Peninsula Force-LPF ၊ထားဝယ် အရှေ့တောဒေသရှိ တော်လှန်ရေးအင်အားစုများဖြစ်ကြသော ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း T5 ၊DGRF ၊ DNLA ၊DEF ၊ ဧဒင်မှူး ၊ EDF ၊ ကျားသစ်နတ် ၊ဘီလုံးပြောက်ကျားတပ်ဖွဲ့ ၊KNUတပ်မဟာ(၄) တပ်ရင်း-၁၂ တို့ပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ-LPF
#ထားဝယ် #အရှေ့တောဒေသ #၁၀ရက်ကျော်ကြာတိုက်ပွဲ #စစ်ကောင်စီတပ်သား #၆ဦးသေဆုံး #၄၀ကျော်ဒဏ်ရာရ #Ayeyarwaddy_Times