
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ ချန်းရိ (Tsang Yin) ဖိနပ်စက်ရုံ ဆန္ဒပြမှု လက်ရှိအချိန်ထိ ပြေလည်မှုမရရှိသေးဘဲ အလုပ်သမားများ၏ တောင်းဆိုချက်များကို အလုပ်ရှင်ဘက်က လိုက်လျောရန် ရှိမရှိ ကို လာမည့်တနင်္လာနေ့တွင် အဖြေထွက်မည်ဖြစ်ကြောင်း သိရသည်။
နာမည်ကြီး အမှတ်တံဆိပ်ဖြစ်သည့် Adidas ဖိနပ်များ ထုတ်လုပ်ဖြန့်ချိနေသော ချန်းရိစက်ရုံရှိ အလုပ်သမားများသည် ပြီးခဲ့သည့် မေ ၁၄ ရက်ကတည်းက လုပ်ခလစာနှင့် ပတ်သက်၍ ဆန္ဒပြတောင်း ဆိုနေခြင်းဖြစ်ကာ ထူးခြားမှုမရှိသေးကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြမှုသည် လက်ရှိတွင် လေးရက်မြောက် ရှိပြီဖြစ်ပြီး ယနေ့ မေ ၁၇ ရက်၊ စနေနေ့ဖြစ်၍ စက်ရုံပိတ်သောကြောင့် ခေါင်းဆောင်ပိုင်းများသာ အလုပ်ဆင်းကြသည်ဟု သိရှိရကြောင်း မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM)ထံမှ သိရသည်။
“လက်ရှိမှာ ညှိနေတုန်းလို့ ပြောဖို့ထက် အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို ပေးမယ် မပေးဘူးဆိုတာ တနင်္လာနေ့မှ လုပ်ငန်းရှင်က အဖြေပြောမှာလို့ ကျွန်မတို့ သိထားရတယ်” ဟု FGWM ဗဟို အလုပ်မှုဆောင် မခင်သန္တာမိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းနေ့တွင် အလုပ်သမားများ၏ တောင်းဆိုချက်ဖြစ်သည့် လုပ်ခလစာ၊ အချိန်ပိုကြေးနှင့် ရက်မှန်ကြေး တိုးမြှင့်ပေးရေးတို့ကို လုပ်ငန်းရှင်ဘက်က လိုက်လျောပေးမှုမရှိလျှင် ရသည်အထိ တောင်းဆိုမှု များ ဆက်လက်ပြုလုပ်မည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။
အဆိုပါချန်းရိဖိနပ်စက်ရုံကို နိုင်ငံခြားသား တရုတ်လုပ်ငန်းရှင်တစ်ဦးက ပိုင်ဆိုင်သည်ဟု သိရှိရပြီး ယခင်ကလည်း လုပ်ခလစာကိစ္စ အလုပ်သမားများနှင့် ပြဿနာဖြစ်ပေါ်ဖူးကာ ယခုအခါတွင်လည်း ဆန္ဒပြ သော အလုပ်သမားများကို ခြိမ်းခြောက်မှုများရှိကြောင်း သိရသည်။
“လက်နက်ကိုင်ထားတဲ့ လူအုပ်စုကိုမြင်ရင် တောင်းဆိုမှု ဆက်မလုပ်ရဲအောင် လူစုကွဲသွားပြီး သပိတ်ပျက်အောင် ရည်ရွယ်ချက်နဲ့ လုပ်တဲ့သဘောပါ၊ အလုပ်သမားတွေ တောင်းဆိုတာ စက်ရုံဘက်က မပေးချင်လို့ လုပ်တာပေါ့” ဟု FGWM မှ မခင်သန္တာမိုးက ထောက်ပြသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် လုပ်ငန်းရှင်များ ပူးပေါင်းကာ အလုပ်သမားများအပေါ် ဖိနှိပ်ခြိမ်းခြောက်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ မတရားသဖြင့် ခေါင်းပုံဖြတ်ခြင်း၊ အတင်း အဓမ္မခိုင်းစေခြင်း စသည်တို့ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် အလုပ်သမားများက ယခုကဲ့သို့ ဥပဒေအရ အခွင့်အရေးများနှင့် လုပ်ခလစာကိစ္စရပ်များကို တောင်းဆိုမှုများ ပြုလုပ်လာလျှင် အလုပ်ထုတ်ပယ်ခြင်း၊ စစ်ကောင်စီတပ်ထံ အကြောင်းကြား၍ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခိုင်းခြင်းများ လုပ်လာကြောင်း သိရသည်။
ဓာတ်ပုံ-ချန်းရိစက်ရုံမှ အလုပ်သမားများ လုပ်ခလစာနှင့် ပတ်သက်၍ ဆန္ဒပြတောင်းဆိုစဉ်။
#လှိုင်သာယာ #ချန်းရိဖိနပ်စက်ရုံ #ဆန္ဒပြ #အလုပ်သမားများ #တနင်္လာနေ့ #လုပ်ခလစာ #Ayeyarwaddy_Times