
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ ၁၇ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊အရှေ့တောနယ်ဒေသ ရှေ့တန်းစစ်မျက်နှာပြင်မှ စစ်ကောင်စီတပ်သား နှစ်ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ထွက်ပြေးလာပြီး ပြီးခဲ့သော မေ ၄ ရက်က ဒေါနတပ်ရင်း ၊ ချေမှုန်းရေးတပ်ခွဲ -၇ (LPF) ထံ အလင်းဝင်ရောက်လာကြောင်း သိရသည်။
အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား နှစ်ဦးမှာ ကံပေါက်အခြေစိုက် ခလရ-၂၇၃ တပ်ရင်းမှ အသက် ၂၀ အရွယ်ရှိ တပ်သား ရန်ရှင်း နှင့် မြိတ်မြို့အခြေစိုက် ခမရ – ၁၀၁ တပ်ရင်းမှ အသက် ၃၀ အရွယ်ရှိ တပ်သား သူရဝင်း တို့ ဖြစ်ကြောင်း ဒေါနတပ်ရင်း ၊ချေမှုန်းရေးတပ်ခွဲ – ၇ (LPF )တာဝန်ရှိသူထံမှ သိရသည်။
“အဲဒီ စစ်ကောင်စီတပ်သား နှစ်ဦး က ထားဝယ် အရှေ့တော ဒေသ မှာ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေတုန်း ထွက်ပြေးလာကြတာပါ။ သူတို့က စစ်ကောင်စီလက်အောက်မှာ ဆက်ပြီးတာဝန်မထမ်းဆောင်ချင် တော့ဘူး။အေးအေးဆေးပဲ နေချင်တော့တယ်။ဒါကြောင့် အရဲစွန့်ပြီးထွက်ပြေးလာကြတာ။ အဲ့ဒီ စစ်ကောင်စီတပ်သား နှစ်ဦးက စစ်မှုထမ်းအပတ်စဥ် (၈) က သင်တန်းဆင်းလာတဲ့တပ်သားသစ်တွေပါ” ဟု ဒေါနတပ်ခွဲ – ၇ (LPF) မှ ပြန်ကြားရေးတာဝန်ခံက ရဲဘော် Leo က ဧရာဝတီတိုင်းမ်ကိုပြောသည်။
အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား နှစ်ဦးသည် MA1 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ် ခုနှင့် ကျည် ၂၀၀ တောင့်ကို ယူဆောင်လာခဲ့ပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ဂုဏ်ပြုသောအားဖြင့် ထိုက်တန်သည့် ဆုကြေးငွေများ ချီးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။
ဒေါနတပ်ရင်း ၊ချေမှုန်းရေးတပ်ခွဲ – ၇ ( LPF )မှ တာဝန်ခံများသည် အဆိုပါ အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား နှစ်ဦးကို နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး လက်ရှိတွင် ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ထားကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့၏ ဆန္ဒအလျောက် လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း (LPF) တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
ပုံစာ-လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်ရောက် လာသော စစ်ကောင်စီတပ်သား နှစ်ဦး။
#ထားဝယ် #အရှေ့တောရှေ့တန်းစစ်မျက်နှာပြင် #စစ်ကောင်စီတပ်သား #ဒေါနတပ်ရင်း #အလင်းဝင် #Ayeyarwaddy_Times