(အိန္ဒိယ)၊ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်

လတ်တလော အိန္ဒိယနယ်စပ်အရေး အငြင်းပွားမှုကြောင့် မီဇိုရမ်ပြည်နယ်၊ လောက်တလိုင်ခရိုင်မှ မြန်မာပြည်သို့ ကုန်စည်သယ်ယူခွင့် ပိတ်ထားကြောင်း ခရိုင်မြေအခွန်ဦးစီးဌာနက ယမန်နေ့ မေ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လောက်တလိုင်ခရိုင်အတွင်းရှိ ပြည်သူများ လက်တလောဖြစ်ပွားနေသည့် နယ်စပ်အရေး အငြင်းပွားမှုနှင့်ပတ်သက်၍ စားဝတ်နေရေး အခက်မကြုံစေရန်အတွက် ဧပြီ ၁၀ ရက်နေ့တွင် အရပ်သားကာကွယ်ရေးအစည်းအဝေးတစ်ရပ်ကျင်းပပြီး ယခုကဲ့သို့ ထုန်ပြန်ထားကြောင်း သိရသည်။

ထုတ်ပြန်ချက်အရ မေ ၁၆ ရက်မှစ၍ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်ခင်အထိ လောက်တလိုင်ခရိုင်အတွင်းရှိ ကုန်သွယ်မှုလိုင်စင်ကိုင်ဆောင်သူများအနေဖြင့် မည်သည့် ကုန်စည်မှ မြန်မာပြည်သို့ သယ်ဆောင်ခွင့်မပြုကြောင်း သိရသည်။

လောက်တလိုင်ခရိုင်သည် ပလက်ဝ-လောက်တလိုင်နယ်စပ်မှ မြန်မာပြည်သို့ အခြေခံစားသောက်ကုန်နှင့် ဆေးဝါး၊ စက်သုံးဆီ၊ လောင်စာ ပရိဘောဂစသည့် ကုန်စည်များ အဓိကတင်သွင်းသည့် ခရိုင်ဖြစ်သည်။

ယခုကဲ့သို့ ကုန်စည်သယ်ယူခွင့် ပိတ်ထားလိုက်သည့်အတွက် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အခြေခံစားသောက်ကုန်များအပါအဝင် ကုန်စည်များပြတ်လပ်ပြီး ကုန်စျေးနှုန်းမြင့်တက်နိုင်သည့် အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နိုင်ကြောင်း သုံးသပ်ကြသည်။

“ကျွန်တော်တို့ ပြည်မကနေ ကုန်စည်သယ်ဖို့ဆိုတာ လက်ရှိ ကုန်စျေးနှုန်းနဲ့ လမ်းပန်ဆက်သွယ်ရေး ခက်ခဲမှု၊ စစ်ကောင်စီတပ်ရဲ့ ကန့်သတ်မှု စတဲ့အခြေအနေတွေကြောင့် လုံးဝမဖြစ်နိုင်ဘူး။ အိန္ဒိယဘက်ကဆို ငွေကြေးကွာဟမှု တစ်ခုတည်းပဲ ကျန်တာ အကုန်အဆင်ပြေတယ်။ သယ်ယူရေးအပိုင်းမှာ ရေလမ်းအတိုင်းဆိုတော့ ကုန်ကျစရိတ်အရမ်းနည်းတယ်။ ရခိုင်မှာ တိုက်ပွဲဖြစ်ကတည်းက ကျတော်တို့ အိန္ဒိယဘက်ကပဲ ကုန်စည်တွေ တင်သွင်းတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံးကို ပြန်လည်ဖြန့်ဖြူးရောင်းချတယ်။ အခုလို ပိတ်ထားလိုက်တော့ ရခိုင်မှာရော၊ ချင်းမှာရော ကုန်စည်တွေပြတ်လပ်ပြီး ကုန်စျေးနှုန်းတွေမြင့်တက်လာနိုင်တယ်။ ပြည်သူတွေပိုကြပ်တည်းမယ်” ရခိုင်ကုန်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ မေလ ၁၆ ရက်နေ့ထိ ကျေးရွာတာဝန်ရှိသူများနှင့် ညှိနှိုင်း၍ လက်ကျန်ကုန်စည်းများကို သယ်ယူခွင့်ရှိကြောင်း သိရသည်။

လောက်တလိုင်ခရိုင်ရှိ စျေးဆိုင်ပိုင်ရှင်များအနေဖြင့် စျေးကွက်စစ်ဆေးရေးမှူးများမှ စျေးဆိုင်များကို စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ပြီး သိုလှောင်ထားသည့် ကုန်စည်စာရင်းကို မှန်ကန်စွာပေးရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်ကို မလိုက်နာပါက ကုန်သွယ်ခွင့်လိုင်စင် ရုတ်သိမ်းမည်ဟု သိရသည်။

#အိန္ဒိယနယ်စပ် #အငြင်းပွားမှု #လောက်တလိုင်ခရိုင် #မြန်မာပြည် #ကုန်စည်သယ်ယူခွင့်ပိတ်ထား #Ayeyarwaddy_Times