
(တီးတိန်)၊ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်
စစ်ကောင်စီထိန်းချုပ်သည့် ချင်းပြည်နယ်၊ တီးတိန်မြို့တွင် တိုက်ပွဲကြောင့် တစ်နှစ်ကျော်ကြာ ပိတ်ထားသည့်လူဝင်မှုကြီးကြပ်ရေးရုံး ပြန်လည်ဖွင့်ပြီး မှတ်ပုံတင်ကဒ်ပြား လျှောက်ထားသူ များပြားနေကြောင်း ဒေသခံများထံက သိရှိရသည်။
တီးတိန်မြို့ လဝကဦးစီးမှူးသည် လူငယ်များကို စစ်မှုထမ်းရန် စာရင်းများ ကောက်ခံနေသည့်အတွက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့တွင် PDF-Zoland မှ ဖမ်းဆီးခဲ့ပြီးနောက် မှတ်ပုံတင် ထုတ်ပေးသည့်လုပ်ငန်းစဉ်ကို ရပ်တန့်ခဲ့ခြင်းဖြစ်သည်။
ယခုခါ မေလ ၁၂ ရက်နေ့မှစ၍ တီတိန်းမြို့၊ ရဲစခန်းအနီးရှိ နေအိမ်တစ်ခုတွင် မှတ်ပုံတင် လျှောက်ထားခြင်းကို ပြန်လည်ဖွင့်ပေးထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“တီးတိန်မှာ လဝက ဦးစီးမှူး အဖမ်းခံရကတည်းက လူငယ်တွေ မှတ်ပုံတင် လုပ်လို့မရဘူး။ အခုမှ မြို့မရဲစခန်းအောက်ဘက်က အိမ်တစ်အိမ်မှာ ပြန်ဖွင့်ပြီး မှတ်ပုံတင် ပြန်လျှောက်ရတယ်။ တီးတိန်မြို့မှာ လဝကရုံးက ၂၀၂၂ ခုနှစ်ကတည်းက မီးရှို့ခံရလို့ ရုံးက မရှိတော့ဘူး” ဟု တီးတိန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တီးတိန်မြို့တွင် မှတ်ပုံတင် လျှောက်လွှာကို လက်ခံသော်လည်း လက်မှတ်ရေးထိုးရာတွင် ကလေးမြို့ရှိ လဝက ဦးစီးမှူးမှ ထုတ်ပေးရမည်ဖြစ်သည့်အတွက် ကုန်ကျစရိတ်များပြီး အချိန်ကြန့်ကြာသည်ဟုလည်း သိရသည်။
မှတ်ပုံတင်မရှိသည့်အတွက် အကြောင်းအမျိုးကြောင့် လူငယ်များ ခရီးထွက်ခြင်း၊ အလုပ်လျှောက်ရာတို့တွင် အခက်အခဲအမျိုးစုံကြုံတွေ့နေရသည့်အတွက် ဒေသခံများက မှတ်ပုံတင်လုပ်ကြရခြင်းဖြစ်ကြောင်း သိရသည်။
“အခုက ဘယ်သွားသွား မှတ်ပုံတင်ရှိမှ သွားလာလို့ရတယ်။ မှတ်ပုံတင်မရှိရင် ဘယ်မှသွားလို့မရဘူး။ စစ်ဆေးရေးဂိတ်တွေက နေရာတိုင်းမှာ ရှိနေတယ်။ အလုပ်လျှောက်မယ်ဆိုလည်း မှတ်ပုံတင်က လိုအပ်တယ်လေ။ အဲအတွက် မှတ်ပုံတင် မရှိရင် ဘာမှလုပ်လို့မရဘူး” ဟု တီးတိန်မြို့ခံ လူငယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တီးတိန်မြို့တွင် မှတ်ပုံတင် လျှောက်ထားခြင်း ပြန်လည်ဖွင့်ပေးသည့်အတွက် နေ့စဥ် လျှောက်ထားသူ ၁၀၀ နီးပါရှိပြီး ၎င်းတို့သည် လမ်းမပေါ်တွင် တန်စီးနေရသည်ဟု သိရှိရသည်။
#တီးတိန်မြို့ #လဝကရုံးပြန်ဖွင့် #မှတ်ပုံတင် #လျှောက်ထားသူများပြား #Ayeyarwaddy_Times