(မင်းတပ်)၊ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် (၁)၊ စွန်တောင်ကျေးရွာကို စစ်ကောင်စီတပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ်အပါအဝင် သုံးဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

အရပ်သားများနေထိုင်သည့် စွန်တောင်ကျေးရွာကို စစ်ကောင်စီက ယမန်နေ့ မေ ၁၅ ရက်နေ့၊ မနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ရှမ်းတဲလေတပ်မှတက်လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စွန်တောင်ကျေးရွာကို စကစ ဗုံးကြဲသွားပါတယ်။ ထိခိုက်ပျက်စီးမှု များပါတယ်။ ကလေးငယ်တစ်ယောက်အပါအဝင် အရပ်သား သုံးယောက်သေဆုံးတယ်။ ၁၀ ယောက်လောက် ဒဏ်ရာရတယ်။ ပြင်းထန်ဒဏ်ရာရတဲ့သူလည်းရှိတယ်” ဟု မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူသည် အသက် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် သေဆုံးသူကလေး၏ မိခင်နှင့် အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်ဒဏ်ရာရရှိသူများလည်းပါဝင်ပြီး လက်ရှိတွင် အရေးပေါ်လူနာအဖြစ် လိုအပ်သည့် ဆေးဝါကုသမှုများ ဆောင်ရွက်ပေးနေသည်ဟု ဒေသခံများထံက သိရသည်။

ထို့အပြင် လေကြောင်း တိုက်ခိုက်သည့်အတွက် စွန်တောင်ကျေးရွာရှိ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးသွားပြီး ခြောက်လုံးမီးလောင် သွားကြောင်း သိရသည်။

“နေအိမ် ခြောက်လုံးလောက် မီးလောင်ပြာကျသွားတယ်။ ပျက်စီးသွားတာက ၁၀ လုံးလောက်ရှိမယ်။ လောဆယ်တော့ ဒီလောက်ပဲ အကြမ်းဖျင်း သိရသေးတယ်။ တခြားပျက်စီးမှုတွေတော့ မသိရသေးဘူး။ အသေးစိတ်ကို တာဝန်ရှိသူတွေက ထုတ်ပြန်ပါလိမ်မယ်” ဟု မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့ကလည်း မင်းတပ်မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အစိုးရအဆောက်အဦးနှင့် အရပ်သား လူနေအိမ် ၁၅ လုံးခန့် ထိခိုက်ပျက်စီးခဲ့သည်။

#မင်းတပ်မြို့နယ် #လေကြောင်းတိုက်ခိုက်ခံရ #ကလေးငယ်အပါအဝင်၃ ဦးသေဆုံး #၁၀ဦးဒဏ်ရာရ #Ayeyarwaddy_Times