စစ်ကောင်စီက စစ်ဆေးရေးတင်းကျပ်ထားပြီး အခြေခံ စားသောက်ကုန်ဝယ်ယူခွင့်ကန့်သတ်

ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ အမြောက်တပ် အမတ-၃၄၄ ၏ ကာကင်းစခန်းများကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီက ကာကင်းစခန်းများတို့ချဲ့နေကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မေ ၁၁ရက်က ရေကြည်မြို့နယ်အတွင်းကို လေကြောင်းမှ ဗုံးအလုံးရေ အမြောက်အမြားသုံး၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ စစ်ကြောင်းထိုးမှုများရှိလာပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များကလည်း အမြောက်တပ်၏ ကာကင်းများကို ဝင်ရောက်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ကာကင်းစခန်းငယ်တွေ တိုးချထားတယ်။ ကတုတ်ကျင်းတွေတူး၊ ဆက်သွယ်ရေးမြောင်း တွေဖောက်ပြီး ခံစစ်ပြင်ထားတယ်။ အခုအဲဒီ့နေရာတွေကို တော်လှန်ရေးတပ်တွေရောက်လာတဲ့ အနေအထားပါ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီက အမြောက်တပ်အနီး ကွင်းချောင်းတွင် ကာကင်းစခန်းများကို တိုးချဲ့ပြီး ခုခံစစ် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ဒေါင့်ကြီး ရိုးမဒေါ့အုပ်စု၊ ထန်းတောကြီးရွာဘက်တွင် စစ်ကောင်စီက အင်အားတိုးချဲ့ချထားကာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စစ်ကြောင်းထိုးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် လေးမျက်နှာမြို့နယ်အနောက်ဖက်ခြမ်း လှော်ကထား၊ အောက်စု၊ လယ်ဦးစု၊ လှည်းထောက်ကွင်း၊ ရေသိုးချောင်း ကျေးရွာများတွင် စစ်ကောင်စီက စစ်ဆေးရေးတင်းကျပ်ထားပြီး အခြေခံစားသောက်ကုန်ဝယ်ယူရေးပါ ခက်ခဲနေကြောင်း သိရသည်။

စိန်တောင်နှင့်လှည်းထောက်ကွင်း ကျေးရွာများတွင် စားသောက်ကုန်ဝယ်ယူခွင့်ထောက်ခံစာများပါ လုပ်ခိုင်းထားပြီး စစ်ကောင်စီနှင့် အုပ်ချုပ်ရေးအဖွဲ့များက ငွေကြေး အဆမတန်တောင်းခံနေကြောင်း သိရသည်။

ထို့အပြင် လေးမျက်နှာမြို့နယ်အတွင်း ကျေးရွာများရှိပြည်သူများကို စစ်ရေးသတင်းထောက်လှမ်း ခိုင်းကာ ပြန်လည် သတင်းပေးပို့ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရသည်။

ဓာတ်ပုံ-အင်တာနက်
ပုံစာ-စစ်ကောင်စီအမြောက်တပ်မှ ၁၀၅ မမ အမြောက်လက်နက်များ (ပုံဟောင်း)

#ရေကြည် #ငါးသိုင်းချောင်း #အမြောက်တပ်၃၄၄ #တော်လှန်ရေးတပ်ဖွဲ့ #တိုက်ခိုက် #Ayeyarwaddy_Times