
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်
မြန်မာ့အာဏာသိမ်းမှုကို ထောက်ခံကူညီနေသည့် တရုတ်အစိုးရက တစ်ဖက် သတ် ဖိအာပေးမှုများဖြင့် ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်နေပြီး စစ်ကောင်စီ၏ ရက်စက်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အပေါ် လျစ်လျူရှုထားကြောင်း လေ့လာတွေ့ရှိချက်များအရ သိရသည်။
စစ်ကောင်စီသည် အင်အားပြင်း စစ်ကိုင်းငလျင် လှုပ်ခတ်မှုကြောင့် ကူညီကယ်ဆယ်ရေးအတွက် အပစ်ရပ်သည်ဟု ကြေညာထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ကျူးလွန် နေသဖြင့် အရပ်သားများ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးလျက်ရှိသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ငြိမ်းချမ်ရေးကို လိုလားသည့်အပေါ် ကြိုဆို၍ အမှန်တကယ် ငြိမ်းချမ်းစေချင်ပါလျှင် လက်ရှိဖြစ်နေသော အဖြစ်အပျက်များအား မြင်အောင်ကြည့်ရန်လိုကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဆိုသည်။
“မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ ပြည်သူလူထု ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးချမ်းချမ်း နေရနိုင်ဖို့က ဒီအကြမ်းဖက် စစ်ခေါင်းဆောင်ကို ပံ့ပိုးကူညီထောက်ပံ့နေသရွေ့ ဒီလိုအခြေအနေမျိုး ဘယ်တော့မှ ရောက်မှာမဟုတ်ဘူး” ဟု ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ငလျင်ကြောင့် အပစ်ရပ်ကြေညာထားသည့် တစ်လကျော်အတွင်း အရပ်သားနေထိုင်ရာ ကျေးရွာနှင့် စာသင် ကျောင်းများကို စစ်ကောင်စီက လေကြောင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင်း အစုလိုက်အပြုံ လိုက် သေဆုံးဖြစ်စဉ် ခြောက်ခုထက်မနည်းရှိခဲ့ကြောင်း သိရသည်။
ထိုအထဲတွင် အရပ်သားပြည်သူ ၁၀ ဦးနှင့်အထက် သေဆုံးစေခဲ့သည့် မေ ၁၂ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းနှင့် မေ ၁၃ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့သည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ထွန်းရဝေကျေးရွာ လေကြောင်း တိုက် ခိုက်မှုများ ပါဝင်ခဲ့ပြီး စစ်ကောင်စီကမူ ငြင်းဆိုထားသည်။
ယင်းကဲ့သို့ စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်မှုများသည် တရုတ်ကုမ္ပဏီများမှ ထုတ်လုပ်သော လက်နက်နှင့် နည်းပညာများကို အသုံးပြုနေပြီး စစ်ကောင်စီ လက်အောက်ခံ တပ်များအတွက် စစ်လက်နက်ခဲယမ်းများ ထုတ်လုပ်ပေးနေသည့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)များကို တရုတ်က ထဲထဲဝင်ဝင် အကူအညီပေးနေကြောင်း စစ်နည်းဗျူဟာနှင့် စစ်လက်နက် အကြောင်း ကျွမ်းကျင်သူ CDM အရာရှိများက ဧရာ၀တီတိုင်းမ်ကို ဖြေကြားထားသည်။
ထိုသို့ လုပ်ဆောင်ပေးနေမှုအပေါ် လုပ်ဆောင်ခြင်းမပြုရန် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ က တောင်းဆိုနေသော်လည်း တရုတ်အစိုးရက လျစ်လျူရှုလျက်ရှိသည်။
တရုတ်အစိုးရ လိုလားသော ငြိမ်းချမ်းရေးသည် စစ်ဗိုလ်ချုပ်များ အုပ်ချုပ်ပြီး လူထုအား မျှော်မှန်းနာခံမှု (anticipatory obedience) ပုံစံဖြင့် ကျိုးနွံလာရေးဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးလှစိုးဝေက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
“စစ်ခေါင်းဆောင်တွေ အာဏာတည်မြဲရေးဟာ သူတို့(တရုတ်အစိုးရ) အကျိုးရှိရာရှိကြောင်း ဖြစ်လာမယ့် ငြိမ်းချမ်းရေးမျိုးပင် ဖြစ်တယ်။ အဲအတွက် လုပ်သင့်သည်ဟု ယူဆပြီး မသိကျိုးကျွံ ပြုနေခြင်းမျိုး ဖြစ်တယ်” ဟု ဦးလှစိုးဝေက သုံးသပ်သည်။
တရုတ်နိုင်ငံသည် အိမ်နီးချင်း မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ဧပြီအထိ အမေရိကန်ဒေါ်လာ ၂၂,၀၃၆.၆ မီလီယံ အတည်ပြု ရင်းနှီးမြှုပ်နှံထားပြီး ဒုတိယအများဆုံးဖြစ်ကြောင်း စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကု မ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)အချက်အလက်အရ သိရသည်။
သို့သော် ခုခံတော်လှန်မှုများနှင့် ရှမ်းမြောက်ဒေသ “၁၀၂၇ စစ်ဆင်ရေး” ကြောင့် စစ်ကောင်စီ စစ်ရှုံးအထိနာစေပြီး တရုတ်စီမံကိန်းအများစုကို တော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထား နိုင်မှုအပေါ် တရုတ်အစိုးရက လိုလားမှုမရှိ ဖိအားပေးနေကြောင်း သိရသည်။
“သူ့ရပ်တည်ချက်ကတော့ အရင်သူဝင်ရှင်းတာ ဟိုင်ဂင်ဆွေးနွေးပွဲတွေ အလုပ်မဖြစ်ဘူး။ ဒေသ တစ်ခုချင်းရှင်းနေတာ အလုပ်မဖြစ်ဘူး။ တစ်နိုင်ငံလုံးကို ဝင်ရတော့တယ်။ ရွေးကောက်ပွဲလုပ်။ နေပြည်တော်ဖက်က ရပ်ပေးတယ်” ဟု စစ်ရေးအကဲခတ်တစ်ဦးက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီသည် အာဏာသိမ်း လေးနှစ်တာကာလအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း ၈၀ ကျော်ကို ကျူးလွန်ထားကြောင်း လွတ်လပ်သော သုတေသန အဖွဲ့အစည်းဖြစ်သည့် ISP Myanmar ၏ အစီရင်ခံစာအရ သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#မြန်မာ့အရေး #ကြိုးကိုင်ချယ်လှယ် #တရုတ်အစိုးရ #စစ်ကောင်စီ #အစုလိုက်အပြုံလိုက်သတ်ဖြတ် #လျစ်လျူရှု #Ayeyarwaddy_Times