ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်

အာရက္ခတပ်တော် AA ထိန်းချုပ်နယ်မြေဖြစ်သည့် ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အမျိုးသမီးငယ်တစ်ဦးအပါအဝင် သုံးဦး သေဆုံးသွားကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ မေ ၁၄ ရက် ညနေ ၃ နာရီ ၅၁ မိနစ်ခန့်က ကျောက်တော်မြို့ ရွှေကျောင်း အနောက်ဘက်ရှိ တောင်ဘက်စုရွာမရပ်ကွက်ကို ‌ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ရာ အမျိုးသမီး သုံး ဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဗုံးစထိမှန်၍ နေအိမ် ၁၀ လုံးကျော်လည်း ပျက်စီးသွားခဲ့ပြီး သေဆုံးသူအမျိုးသမီးငယ်ကို တစ်စစီ လိုက်လံ ကောက်ယူရကြောင်းနှင့် ဒဏ်ရာရရှိသူများကိုလည်း အရေးပေါ်ဆေးကုသပေးရန် ခေါ်ဆောင် သွားကြောင်း ဒေသခံများထံမှ သိရသည်။

“သေသွားတဲ့ မိန်းကလေးတွေမှာ ၁၀ နှစ်ကျော်အရွယ်လောက်ပါတယ်။ စစ်ရှောင်ရင်း လာနေထိုင် နေရာကနေ ဗုံးထိသွားတာ။ ထိခိုက်ဒဏ်ရာရတဲ့သူလည်း လေးဦးထက်မနည်းရှိမယ်လို့ သိရတယ်”ဟု ကျောက်တော် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ယမန်နေ့ မေ ၁၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့သည့် အတွက် လူဒါဇင်ချီသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

စစ်ကောင်စီက အပစ်ရပ်ကြေညာပြီးသည့်နေ့မှစ၍ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ထို့အပြင် စစ်ကောင်စီက စစ်တွေမြို့နယ်ရှိ ဝါဘိုကျေးရွာနှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကွမ်းတောင်၊ အိုင်ဒင်စသည့်ကျေးရွာများကို လက်နက်ကြီးများ၊ ဒရုန်းများဖြင့် နေ့စဉ်ပစ်ခတ်နေကြောင်း သိရသည်။

ဓာတ်ပုံ-အင်တာနက် (ပုံဟောင်း)
#ရခိုင် #ကျောက်တော် #စစ်ကောင်စီ #ဗုံးကြဲ #စစ်ဘေးရှောင် #အမျိုးသမီးငယ်သေဆုံး #Ayeyarwaddy_Times