
ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့တွင် ရေကြည်မြို့နယ်သား စစ်ကောင်စီခန့်ဝန်ကြီးချုပ် ထီးထင်ခဲ့သည့် သမိုင်းဝင် ဒီပါရုမ်စေတီ ရက်ပိုင်းအတွင်း မိုးကြိုးထိမှန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရေကြည်မြို့ရှိ သမိုင်းဝင် ဒီပါရုမ်စေတီတော်မြတ်ကြီးကို စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း က ပြီးခဲ့သည့် မေ ၆ ရက်နေ့တွင် နံနက် ၉ နာရီ ၉ မိနစ်တွင် ထီးတော်အသစ်တင်ခဲ့ကြောင်း သိရသည်။
ထီးတော်အသစ်တင်လှူခဲ့ပြီးနောက် ယမန်နေ့ မေ ၁၃ ရက် နေ့လယ်ပိုင်းတွင် မိုးကြိုးထိမှန်၍ စိန်ဖူးတော် မြေခခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရေကြည်ရဲ့ တကယ်တန်ခိုးကြီးဘုရားစေတီပါ။ ဥမ္မာဒန္တီ တည်သွားတာ နှစ်ရာနဲ့ ချီနေပြီ တစ်ခါမှ မိုးကြိုးမပစ်ဖူးဘူး။ ခုမှပဲကြားဘူးတယ်။ စေတီမှာ အုတ်အထပ်တွေလဲ ကွာကျကုန်တယ်။ ထီးတော် လာတင်တုန်းကလည်း တိုးတိုးတိတ်တိတ် ယတြာ အစီအမံတွေကြောင့်လားမသိဟု” ရေကြည်မြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ဒီပါရုမ်စေတီသည် ရှေးဟောင်းသာသနာ့အမွေအနှစ်တစ်ခုဖြစ်သောကြောင့် ရေကြည်မြို့သူ မြို့သားများသည် ရောင်တော်ဖွင့်ခြင်း၊ ထီးတော်သစ်တင်လှူခြင်းများကို ငါးနှစ်တစ်ကြိမ် ပြုလုပ်လေ့ ရှိကြောင်း မြို့ခံများထံမှ သိရသည်။
“ဒီဘုရားစေတီကြီးက ဒီလိုမျိုးဖြစ်စဥ်မရှိတော့ သူတို့ထီးတော်တင်ရာမှာ ဘာတွေများ အမှောက်အမှားတွေရှိခဲ့ကြလဲမသိဘူး ဟု အသက် ၈၀ ကျော် ဒေသခံ အဘိုးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် မတ်လအတွင်းက ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခ တပ်တော် (AA)၊ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီးနေ၍ တိုက်ပွဲများ ရပ်တန့်စေရန် ယတြာအစီအမံပြုလုပ်သည့် အနေဖြင့် ထီးတော်တင်ရခြင်းဖြစ်ကြောင်း ရေကြည်မြို့ခံ များက သုံးသပ်ပြောဆိုသည်။
ရေကြည်မြို့နယ်၏ မြို့ကျက်သရေဆောင် သမိုင်းဝင်ဒီပါရုမ်စေတီကို ငါး နှစ်တစ်ကြိမ် ထီးတော် တင်သည်ဟု ဆိုသော်လည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက စစ်ကောင်စီ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကိုယ်တိုင်ပင် ထီးတော်တင်ရေစက်ချခဲ့သည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-မိုးကြိုးထိမှန်၍ စိန်ဖူးတော်မြေခခဲ့သည့် သမိုင်းဝင် ဒီပါရုမ်စေတီတော်မြတ်ကြီး
#ရေကြည် #စစ်ကောင်စီခန့် #ဝန်ကြီးချုပ် #တင်မောင်ဝင်း #ထီးတင် #ဒီပါရုမ်စေတီ #ရက်ပိုင်းအတွင်း #မိုးကြိုးထိမှန် #စိန်ဖူးတော်မြေခ #Ayeyarwaddy_Times