ဧရာ၀တီတိုင်းမ်
မေ ၁၄ ရက်

ဝါရင့်နိုင်ငံရေးသမား၊ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)အဖွဲ့ဝင်ဟောင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ တိရစ္ဆာန်ဆေးကုသရေးဆရာဝန် ဒေါက်တာနေဝင်း အသက် (၆၅) နှစ်အရွယ်သည် ယနေ့ မေ ၁၄ ရက်နေ့က အဆုတ်ရောဂါဖြင့် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ ပြည်သူ့ဆေးရုံ၌ ကွယ်လွန်သွားခဲ့ပြီး လာမည့် မေ ၁၆ ရက်နေ့တွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။

ကွယ်လွန်သူ ဒေါက်တာနေဝင်းသည် ၂၀၁၅ ခုနှစ် အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြကာ ဒီမိုကရေစီ ပညာရေး တောင်းဆို လှုပ်ရှားမှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် ဗမာပြည်နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ၏ အထွေထွေအတွင်းရေးမှူးဟောင်း မဖြိုးဖြိုးအောင်၏ ဖခင်ဖြစ်သည်။

ဒေါက်တာနေဝင်းသည် မေလ ၁၂ ရက်နေ့က ရန်ကုန်ဆေးရုံကြီး၌ အရေးပေါ်လူနာအဖြစ် ဆေးစစ်ဆေးရာတွင် အဆုတ်ထဲ ရေဝင်နေသည့် လက္ခဏာ တွေ့ရှိခဲ့ပြီး အဆုတ်အခြေအနေ မကောင်းသဖြင့် အဆုတ်ထဲမှ ရေစုပ်ထုတ်ရန် ပိုက်ကို အမြဲတပ်ဆင်ထားရမည့် အခြေအနေတွင် ရောဂါကုသနေစဉ် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ဒေါက်တာနေဝင်းသည် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဖြစ်သောကြောင့် ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရကာ ၂၀၀၅ ခုနှစ်အထိ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။

ထို့ပြင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီးတွင် မုန်တိုင်းကြောင့် ကွယ်လွန်သူများကို သင်္ဂြိုဟ်ပေးခြင်းကြောင့် စစ်အစိုးရက ဒေါက်တာနေဝင်းကို ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သော်လည်း အကျဉ်းထောင်တွင် ၂ နှစ်နှင့် ၇ လကြာ ထောင်ချခံခဲ့ရသည်။

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ဇာတိဖြစ်သော ဒေါက်တာနေဝင်းကို အဖ ဦးအောင်ခင် နှင့် အမိ ဒေါ်ညွန့်မေတို့မှ ၁၉၆၀ ပြည့်နှစ် ဇူလိုင် ၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်သန္တာနှင့် သမီးဖြစ်သူ မဖြိုးဖြိုးအောင်တို့ ကျန်ရစ်ခဲ့သည်။

လက်ရှိတွင် သမီးဖြစ်သူ မဖြိုးဖြိုးအောင်မှာ တိမ်းရှောင်နေရပြီး ၎င်း၏ အမျိုးသားဖြစ်သူ ဗကသ အဖွဲ့ဝင် ကိုလင်းထက်နိုင်(ခ) ကိုဂျိမ်းသည်လည်း အင်းစိန်ထောင်တွင် ထောင်ကျခံနေရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ-ဒေါက်တာနေဝင်းနှင့်သမီးဖြစ်သူမဖြိုးဖြိုးအောင်
#ဗကပအဖွဲ့ဝင်ဟောင်း #နိုင်ငံရေးအကျဉ်းသားဟောင်းကွယ်လွန် #ဒေါက်တာနေဝင်း #Ayeyarwaddy_Times