(တွန်းဇံ)၊ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် CDF-Tonzang မှ ရပ်ရွာလုံခြုံရေးအတွက် အခြေခံစစ်ပညာသင်တန်း ရက်တို တက်ရောက်ခိုင်းသည့်အတွက် လူငယ်များ ထွက်ပြေးတိမ်းရှောင်မှုများရှိနေကြောင်း ဒေသခံများထံက သိရသည်။

တွန်းဇံမြို့နယ်တွင် CDF-Tonzang နှင့် ZRA တို့ မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အသက် ၁၈ နှစ် မှ ၃၅ နှစ်ထိ အမျိုးသားများကို မဖြစ်မနေ တစ်အိမ်တစ်ဦးနှုန်းဖြင့် အခြေခံစစ်သင်တန်း တက်ရောက်ခိုင်းခြင်းဖြစ်သည်။

“စစ်သင်တန်းက တစ်အိမ်တစ်ယောက်နှုန်း မဖြစ်မနေ တက်ရောက်ခိုင်းတဲ့ သဘောပါ။ လူငယ်တွေက ရက်တိုသင်တန်းဆိုပေမယ့် မတက်ချင်ကြဘူးလေ။ ပထမအသုတ် သင်တန်းကာလတုန်းကလည်း သင်တန်းထဲမှာတောင် ထွက်ပြေးနေကြတယ်။ အခုဒုတိယအသုတ် ထပ်ခေါ်တော့ လူငယ်တွေက တိမ်းရှောင်ကုန်
တယ်” ဟု တွန်းဇံမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် အပတ်စဥ် ၁ တွင် လူငယ် ၁၂၀ ဦးကို CDF-Tonzang မှ ရက်တို အခြေခံစစ်သင်တန်းပေးပြီးပြီဖြစ်ကြောင်း နှင့် ယခု လက်ရှိ အပတ်စဥ် ၂ တွင် လူငယ် ၈၀ ခန့်ကို ဆက်လက် သင်တန်ပေးလျှက်ရှိကြောင်း သိရသည်။

တွန်းဇံမြို့နယ်တွင်ဖြစ်ပွားသည့် တိုက်ပွဲတွင် ZRA မှ ပြည်သူများနေထိုင်သည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့်အတွက် မိမိရပ်ရွာ ကာကွယ်ရန် လူငယ်များကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ စစ်သင်တန်း တက်ရောက်ခိုင်းခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ဆိုသည်။

“မြို့နယ်ကောင်စီ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ဆုံးဖြတ်ချက်နဲ့ ရွာထဲက လူငယ်တွေကို စစ်ကောင်စီနဲ့ ZRA တို့ရဲ့ အန္တာရယ်ကနေ ကာကွယ်ဖို့ စစ်သင်တန်း တက်ခိုင်းတာပါ။ ကျွန်တော်တို့ တက်ရောက်ခိုင်းတာ မဟုတ်ဘဲ သင်တန်းပို့ချပေးရုံပါ။ အရင်လတွေက တွန်းဇံမြို့နယ်မှာ ZRA ကနေ ရွာမီးရှို့တာတွေရှိတယ်။ ဒါကြောင့် ကိုယ်ရပ်ရွာကို ကာကွယ်ဖို့ စစ်ပညာသင်ခိုင်းတာပါ” ဟု CDF-Tonzang တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သင်တန်းပြီးမြောက်ပါက မိမိဆန္ဒသဘောအတိုင်း CDF-Tonzang ထံ တာဝန်ထမ်းဆောင်ချင်သူများကို တာဝန်ထမ်းဆောင်ခွင့် ပြုမည်ဖြစ်သလို CDF-Tonzang ထံ တာဝန်ထမ်းရန် ဆန္ဒမရှိသူများကို မိမိ​ကျေးရွာတွင် နေထိုင်ကာ ရပ်ရွာလုံခြုံရေး တာဝန်ယူရမည်ဟုဆိုသည်။

ပြီးခဲ့သည့် ဧပြီလတွင် တွန်းဇံမြို့နယ် တိုက်ပွဲတွင်း အရပ်သားပြည်သူနေထိုင်သည့် နာ့ဇန်ကျေးရွာနှင့် ဘောင်မွှာကျေးရွာတို့ကို ZRA တပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီး၍ ရွာလုံးနီးပါး မီးလောင်ပြာကျ ပျက်စီးသွားခဲ့သည်။

တွန်းဇံမြို့နယ်ကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်တို့က ၂၀၂၄ ခုနှစ် မေလတွင် သိမ်းပိုက်ရရှိပြီး လက်ရှိတွင် ပြည်သူ့အုပ်ချုပ်ရေး လည်ပတ်နေကြောင်းသိရသည်။

#CDF-Tonzang #စစ်သင်တန်းတက်ရောက် #လူငယ်များတိမ်းရှောင်နေရ #တွန်းဇံ #Ayeyarwaddy_Times