နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက အစုလိုက် အပြုံလိုက် ဗုံးကြဲသတ်ဖြတ်၍ ဗြောင်လိမ်နေသော်လည်း နိုင်ငံတကာတားမြစ်ထားသော Cluster ဗုံးများ အသုံးပြုခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထံက သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ မေ ၁၂ ရက်၊ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်က အိုးတိန်တွင်းရွာ စာသင်ကျောင်းတွင် ကလေးများ အတန်းတင် စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်နေချိန် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ အစုလိုက် အပြုံလိုက် ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ NUG အစိုးရအနေဖြင့် မြေပြင်တွင် လူ၊ ပစ္စည်း၊ ဓာတ်ပုံနှင့် ဗီဒီယိုဖိုင် သက်သေများအပြင် အသုံးပြုတိုက်ခိုက်သော ဗုံးအစအနများလည်း အပြည့်အစုံရရှိထားကြောင်း ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

“တကယ့်ကို ကြီးမားပြင်းထန်တဲ့ ဗုံးကြောင့်သာလျှင် ဒီလိုမျိုး ပျက်စီးဆုံးရှုံး၊ သေဆုံးကြရတာပါ။ ဖျောက်ဖျက်လို့လည်း မရသလို လေယာဉ်လာတယ် ဆိုတာကိုလည်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့မြင်ခဲ့သိခဲ့ရ တဲ့ သက်သေတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးက ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထား ဗုံးကြဲခြင်းဖြစ်ပြီး ဗုံးပဒေသာ(ခေါ်) နိုင်ငံတကာတားမြစ်ထားသည့် ဆင့်ပွားပေါက်ကွဲသော (Cluster) ဗုံးနှစ်လုံး အသုံးပြုခဲ့ကြောင်း သိရသည်။

ထိုသို့ စာသင်ကျောင်းအား တိုက်ခိုက်သည့်အတွက် စေတနာ့ဝန်ထမ်း (Volunteer) ဆရာမများနှင့် Grade-2 မှ Grade-11 အတွင်းရှိ ကျောင်းသား/ကျောင်းသူအပါအဝင် ပြည်သူ ၂၂ ဦး သေဆုံး၍ ၄၀ ဦးထက်မနည်း ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အလားတူ NUG ပညာရေးဝန်ကြီးဌာနကလည်း အမိန့်ပေးသူ၊ ပြစ်မှုကျူးလွန်သူ၊ ပူးပေါင်းပါဝင်သူ အားလုံးကို ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေး ကမ္ဘာကြေသော်လည်း ဥဒါန်းကျေမည်မဟုတ်ဘဲ ပြင်းထန်စွာ အပြစ်ပေးအရေးယူနိုင်ရန် စုံစမ်းရှာဖွေဖော်ထုတ်သွားမည်ဟု ဆိုသည်။

ယင်းအပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ထိရောက်အကျိုးရှိသော တားဆီးအရေးယူမှု များကို ဆောင်ရွက်ပြီး ကလေးငယ်များအတွက် လုံခြုံစွာပညာသင်ယူခွင့်နှင့် ဘေးကင်းလုံခြုံသော ကျောင်း များ ပေါ်ပေါက်လာရေး အားဖြည့်ပံ့ပိုးရန် တာဝန်ရှိကြောင်း ဖော်ပြသည်

စစ်ကောင်စီကမူ ၎င်းတို့အနေဖြင့် နယ်မြေအေးချမ်းရေးကို ဆောင်ရွက်နေပြီး ထိုကဲ့သို့ ကျူးလွန်ခြင်း မရှိဟု ဗြောင်လိမ်ကာ ငြင်းဆိုထားသလို တော်လှန်ရေးတပ်ဖွဲ့ (PDF)နှင့် သေဆုံးထိခိုက် ကလေးငယ် များအပေါ် အပြစ်ပုံချ၍ မဟုတ်မမှန် ဝါဒဖြန့်လျက်ရှိသည်။

ဓာတ်ပုံ-NUG
#ဒီပဲယင်း #စစ်ကောင်စီ #စာသင်ကျောင်းဗုံးကြဲ #အစုလိုက်အပြုံသတ်ဖြတ် #နိုင်ငံတကာတားမြစ် #Clusterဗုံး #Ayeyarwaddy_Times