
ဧရာဝတီတိုင်းမ်
(မင်းလှ)၊ မေ ၁၃ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များသည် စမ်းဘုတ်ရွာအခြေစိုက် စမ်စဘုတ်စခန်း နှင့် ဟိုင်းယုစစ်ဆေးရေးဂိတ်စခန်းများကို စွန့်ခွာ၍ ထွက်ပြေး သွားကြောင်း သိရသည်။
ပဲခူးရိုးမကိုဖြတ်သန်းသွားသည့် စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းပေါ်တွင် အင်အား ၃၀ ဝန်းကျင်ရှိ ဟိုင်းယုစစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းကို ပြီးခဲ့သည့် မေ ၁၁ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ရန်သွားရောက်ခဲ့ပြီး ဂိတ်စခန်းသို့ ရောက်ရှိချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် များက စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
ဟိုင်းယုစစ်ဆေးရေးဂိတ်စခန်းသည် ရိုးမဖြတ်လမ်းကိုအသုံးပြုနေသည့် အရပ်သားများကို ခြိမ်းခြောက် ငွေညှစ်ခြင်းများပြုလုပ်နေသော စခန်းဖြစ်ကာ ပြန်လည်တပ်စွဲခြင်းမပြုလုပ်နိုင်ရန်အတွက် တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါစခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ဟိုင်းယုလမ်းဆုံဂိတ်နဲ့ စမ်းဘုတ်စခန်းက သူတွေက ခလရ-၁ ထဲပြန်ပေါင်းသွားကြတာ။ PDF တွေက မင်းလှမြို့ကို သိမ်းမယ်ဆိုပြီး ဘယ်ကနေသတင်းကပြန့်နေလဲတော့မသိဘူး။ အဲ့တာနဲ့ စခန်းတွေက အင်အားတွေကို ခလရ-၁ထဲပြန်စုပြီး ခံစစ်ပြင်တဲ့သဘောလုပ်နေတာလို့ ယူဆရတယ်” ဟု မင်းလှအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များသည် စမ်းဘုတ်ကျေးရွာတွင် တပ်စွဲထားသည့် အင်အား ၂၀ ကျော် ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့များကိုလည်း ပြီးခဲ့သည့် မေ ၆ ရက်နေ့တွင် သာယာဝတီခရိုင်၊ တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၃ မှ သွားရောက်တိုက်ခိုက်ခဲ့ရာ တပ်သား တစ် ဦးသေဆုံးပြီး နှစ် ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါစခန်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေ ၈ ရက်နေ့တွင် စစ်ကူများခေါ်ကာ စခန်းစွန့်ခွာထွက်ပြေးသွားကြပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းကာ စခန်းကိုမီးရှို့ ဖျက်ဆီး ခဲ့ကြကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၂၇ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကာ လက်နက်ငယ် ၁၁ လက်နှင့် ခဲယမ်းအများအပြားသိမ်းပိုက်ရရှိခဲ့သည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – စခန်းစွန့်ခွာခဲ့သည့် ဟိုင်းယုစခန်းနှင့် စမ်းဘုတ်စခန်း
#မင်းလှ #စစ်ကောင်စီ #စခန်းစွန့်ခွာ #တိုက်ပွဲ #PDF #Ayeyarwaddy_Times