ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်

အနောက်တောင်မုတ်သုံလေသည် ယနေ့ မေလ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံတောင်ပိုင်း ဒေသများ အပါအဝင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ စတင်ဝင်ရောက်ပြီ ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်သည်။

အနောက်တောင်မုတ်သုံလေစောဝင်သဖြင့် မိုးဦးကာလသည် မေ ၁၃ ရက်နေ့မှ ဇွန်လကုန်အထိဖြစ်ပြီး ယင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ကာ တစ်ကြိမ်တွင် ပိုမိုအားကောင်းပြီး မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

အနောက်တောင်မုတ်သုံလေသည် လာမည့် မေလ ၁၅ရက်မှ ၁၈ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ၊ မေလ ၁၉ ရက်မှ ၂၄ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် ယင်းရက်နောက်ပိုင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသ များထံရောက်ရှိနိုင်ကြောင်း မိုး/ဇလ ကခန့်မှန်းထားသည်။

မိုးဦးဝင်ရောက်ချိန်တွင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထွန်ယက်စိုက်ပျိုးနိုင်ရန်ပြင်ဆင်ထားနိုင်ပြီ ဖြစ်သော်လည်း မိုးကြို၊ မိုးဦးကာလများတွင် လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးကြိုမုန်တိုင်း အန္တရာယ်များဖြစ် ပေါ်တတ်ပြီး လယ်ကွင်းပြင်ရှိနေသူများ၊ စိုက်ပျိုးရေးလုပ်ကိုင်နေသူများ သတိပြု နေထိုင်ရန်လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးရာသီရောက်ချိန်တွင် မိုးကြိုးပစ်ခြင်း၊ ရေကြီးရေလျှံမှုများကြောင့် ပြည်သူလူထုထိခိုက်သေဆုံးမှုများဖြစ်ပေါ်လေ့ရှိ၍ အင်တာနက်၊ လူမှုကွန်ရက်စာမျက်နှာများ၊ ရေဒီယို၊ တယ်လီဗေးရှင်း၊ သတင်းစာ စသည်တို့မှ ရာသီဥတုနှင့်ပတ်သက်သည့် ကြိုတင်သတင်းများကို နားထောင်ရန်လိုအပ်ကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် တိုက်တွန်းအပ်ပါသည်။

ဓာတ်ပုံ – MFS
#အနောက်တောင်မုန်သုံလေ #မိုးဦးကာလရောက်ရှိ #ဧရာ၀တီတိုင်းမ် #Ayeyarwaddy_Times