(တမူး)၊ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့သိမ်းတိုက်ပွဲ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေသည့်အတွက် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ ရိက္ခာဖြတ်တောက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီးအဖွဲ့တို့သည် အိန္ဒိယနယ်စပ်မှ ရိက္ခာများ ဝယ်ယူတင်သွင်းနေရကြောင်း နယ်စပ်ရှိ စစ်ဘေးရှောင်ပြည်သူများထံက သိရှိရသည်။

တမူးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များမှ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့မှစ၍ တမူးမြိုသို့ ကုန်စည်သယ်ယူပို့ဆောင်ရေးကို ပိတ်ထားသည့်အတွက် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့သည် ရိက္ခာများ ပြတ်လပ်နေခြင်းဖြစ်သည်။

“အိန္ဒိယဘက်ခြမ်းက ရွာတွေမှာ ပျူခေါင်းဆောင်တွေ ဦးစီးပြီး တမူးမြို့က စစ်သားတွေ ရိက္ခာတွေ လာဝယ်ကြတယ်။ တစ်ခါဝယ်ပြီဆိုရင် အယောက် ၁၀၀ ခန့်လာပြီး စစ်ကား သုံးစီး၊ လေးစီးနဲ့ သယ်သွားကြတယ်။ မကြာခဏ အခုရက်ပိုင်း တွေရတယ်။ မေလ ၁၀ ရက်နေ့ကလည်း လူအင်အား ၁၀၀ လောက်နဲ့ လာသွားသေးတယ်” ဟု အိန္ဒိယနယ်စပ်ရှိ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုကဲ့သို့ စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကားများနှင့် အိန္ဒိယဘက်ခြမ်းရှိ ကျေးရွာများတွင် မကြာခဏ ရိက္ခာသယ်ယူခြင်းကို အိန္ဒိယစစ်တပ်ကလည်း တားမြစ်ခြင်းမရှိဘဲ ခွင့်ပြုထားကြောင်း သိရသည်။

“သူ့တို့(စကစနဲ့ အိန္ဒိယ စစ်တပ်) အချင်းချင်းတွေ ညှိနှိုင်းထားပုံရတယ်။ စကစတွေ၊ ပျူစောထီးတွေ အိန္ဒိယဘက်ခြမ်း ရိက္ခာလာဝယ်တာ မြင်ပေမယ့် အိန္ဒိယစစ်သားတွေက မတားကြဘူး။ ခွင့်ပြုထားတယ်။ အရင်တုန်းကတော့ ဒီဘက်ရိက္ခာလာဝယ်တာမရှိဘူး။ အခုနောက်ပိုင်း စစ်သားတွေ၊ ပျူစောထီးတွေ မကြာခဏ လာကြတယ်။ PDF တွေ ရိက္ခာပြတ်တောက်ထားလို့ ထင်တယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ရှောင်ပြည်သူတစ်ဦးက ထပ်မံပြောဆိုသည်။

ထို့အပြင် အိန္ဒိယဘက်ခြမ်း ကျေးရွာများတွင် ရိက္ခာဝယ်ယူရန် လာကြသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် မြန်မာစစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များတွင် ချက်ပြုတ်ထားသည့် ထမင်း၊ ဟင်းများကို ခွင့်ပြုချက်မယူဘဲ လုယူစားသောက်မှုများလည်းရှိကြောင်းသိရသည်။

ယခုအခါ တမူးမြို့တွင် အခြေခံ စားသောက်ကုန်များ စတင်ပြတ်လပ်နေပြီး ကျန်ရှိသည့် ကုန်စည်များလည်း စျေးမြင့်တက်နေကြောင်း သိရသည်။

#တော်လှန်ရေးတပ်ဖွဲ့များ #ရိက္ခာဖြတ်တောက်ဖြတ်တောက် #တမူးမြို့ #စစ်ကောင်စီတပ်ဖွဲ့များ #အိန္ဒိယမှသယ်ယူ #Ayeyarwaddy_Times