
ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်
ဧရာဝတီတိုင်းနှင့်ရခိုင်အစပ် လေးမျက်နှာတိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ရာထူးအဆင့်ခွဲခြား၍ ဆေးကုသမှုပေးနေကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။
လေးမျက်နှာတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၄) စစ်ဆေးတပ် (မဆရ-၄) တွင် သယ်ယူပို့ဆောင်ထားပြီး ရာထူးအဆင့်ကြီးသည့် ဗိုလ်မှူးနှင့် ဗိုလ်ကြီးများကို ရန်ကုန်မင်္ဂလာဒုံ စစ်ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသပေးနေကြောင်း သိရသည်။
“ဗိုလ်မှူး ဗိုလ်ကြီးအဆင့်တွေကိုပဲ ရန်ကုန်ကိုပို့ပြီး ကုပေးတယ်။ အောက်ခြေတပ်သားတွေကို ပုသိမ် ဆေးရုံနဲ့ မဆရ ၄ ထဲမှာပဲထားပြီး ကုနေတယ်။ နည်းနည်းသက်သာတာနဲ့ ရှေ့တန်းပြန်ပို့ဖို့ အစီအမံတွေ အကုန်လုပ်ထားတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြန်တမ်းဝင် အရာရှိများကိုသာ ရန်ကုန်သို့ ပို့ဆောင်ကုသနေပြီး အခြားအဆင့်နှင့် တပ်သားများကို မဆရ ၄ နှင့် ပုသိမ်ပြည်သူ့ဆေးရုံတွင်သာ ဆေးဝါးကုသပေးနေကြောင်း သိရသည်။
ထို့အပြင် ဆေးကုသရာမှ သက်သာလာသည့် တပ်ဖွဲ့ဝင်အချို့ကို လေးမျက်နှာနှင့် ရေကြည်မြို့နယ် တိုက်ပွဲများသို့ ပြန်လည်ပို့ဆောင် တိုက်ခိုက်ခိုင်းထားကြောင်း ဒေသခံများထံမှ သိရသည်။
လေးမျက်နှာမြို့နယ်ရှိ အမြောက်တပ် အမတ-၃၄၄ အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲသည် အနီးကပ်တိုက်ပွဲပုံစံ ဖြစ်နေကြောင်း သိရသည်။
ထို့ပြင် လေကြောင်းအကူအညီများ ပေးနေစဉ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ ဗုံးစများ ပြန်လည်ထိမှန်မှုများ ရှိနေသည်ဟု သတင်းရင်းမြစ်က ဆိုသည်။
ယင်းအခြေအနေများကြောင့် ပုသိမ်မြို့ရှိ ဆေးရုံကြီးတွင် ဗုံးစထိမှန်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ဆေးကုသမှု ခံယူနေရကြောင်းလည်း သိရသည်။
စစ်ကောင်စီက ဧရာဝတီနှင့် ရခိုင်အစပ် တိုက်ပွဲများတွင် ပြီးခဲ့သည့် မေ ၇ ရက်နေ့မှစပြီး လေကြောင်း ပစ်ကူနှင့် စက်တပ်လေထီး ပါရာမော်တာသုံး၍ ဗုံးများကို မိနစ်ပိုင်းသာခြား၍ ကြဲချတိုက်ခိုက် လျက်ရှိသည်။
ဓာတ်ပုံ- ပုသိမ်သတင်းအထူးတပ်ဖွဲ့
#ဧရာဝတီတိုင်း #တိုက်ပွဲ #ထိခိုက် #စစ်ကောင်စီတပ် #ရာထူးခွဲခြားကုသ #Ayeyarwaddy_Times