ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေး ရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲချကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ (PDF) နှင့် သေဆုံးကလေးငယ်များအပေါ် အပြစ်ပုံချ၍ ပုံဖျက်ပြောဆိုထုတ်ပြန်လာသည်ကို တွေ့ရသည်။

စစ်ကောင်စီပိုင် ဝါဒဖြန့် မီဒီယာများနှင့် သတင်းစာများတွင် အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်မှုကို စစ်ကောင်စီက ကျူးလွန်ခြင်းမရှိကြောင်း ယမန်နေ့ မေ ၁၂ ရက်နေ့ ရက်စွဲဖြင့် လုပ်ကြံရေးသား ဖြန့်ဝေခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆရာ၊ ဆရာမနှစ်ဦးအပါအဝင် ကျောင်း သား၊ ကျောင်းသူ ၅၀ ဦးဝန်းကျင်ခန့် ထိခိုက်သေဆုံးကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိသည်ဟု စစ်ကောင်စီက ဆိုထားသည်။

ထို့ပြင် စစ်ကောင်စီက နယ်မြေအေးချမ်းရေးကို ဆောင်ရွက်နေပြီး စစ်ရေးပစ်မှတ် မဟုတ်သော နေရာများကို ဗုံးကြဲခြင်း မရှိကြောင်း ဗြောင်ကျကျ ငြင်းဆို၍ တော်လှန်ရေး တပ်ဖွဲ့များထံ အပြစ်ပုံချကာ တော်လှန်ရေး တပ်ဖွဲ့များကို အကြမ်းဖက်သမားများဟု စွပ်စွဲခဲ့သည်။

၎င်းတို့စစ်ကောင်စီ (နိုင်ငံ‌တော်အစိုးရဟုသုံးနှုန်းထား) အနေဖြင့် အနာဂတ်မျိုးဆက်သစ်ကျောင်းသားလူငယ်များ ပညာရည်မြင့်မားစေရေးအတွက် အလေးထားဆောင်ရွက်နေသည်မှာ ပြည်သူများအသိပင်ဖြစ်ကြောင်းလည်း ဆိုထားသည်။

စစ်တပ်ထောက်ခံသူများကလည်း PDF ၏ လက်လုပ်မိုင်းကြောင့် ကလေးများ သေဆုံးခြင်းဖြစ်ကြောင်း ဝါဒဖြန့်၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် စစ်ကောင်စီက လုပ်ဆောင်ခြင်းမဟုတ်ဟု ငြင်းဆိုသည့် မဟုတ်မမှန် မှတ်ချက်များကို သတင်းမီဒီယာများအောက်တွင် ဝင်ရောက် ရေးသားလျက်ရှိသည်။

ဒီပဲယင်းဖြစ်စဉ်နှင့်ပတ်သက်သည့် ဖြစ်ရပ်အမှန်ကို လူမှုကွန်ရက်များတွင် မျှဝေရေးသားသည့်သူများကို လည်း ခြိမ်းခြောက်ဖမ်းဆီးရန် တိုက်တွန်းမှုများရှိကြောင်း သိရသည်။

ထိုသို့ ကလေးငယ်များ ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုသည် လူမျိုးတုံး သတ်ဖြတ်မှု စစ်ရာဇဝတ်မှု မြောက်ကြောင်း မှတ်တမ်းတင်ပြီး ကျူးလွန်သူများကို အရေးယူရန်နှင့် တရားမျှတမှု ပြန်လည်ရရှိရန် ကြိုးပမ်းသွားမည်ဟု ရွှေဘိုခရိုင် အမှတ် (၁၂) တပ်ရင်းက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပြည်သူများအနေနှင့်လည်း ယခုကဲ့သို့ တိုင်းပြည်၏ အနာဂတ်မျိုးဆက်ကလေးငယ်များကိုပါ ဦးတည်တိုက်ခိုက်သည့် စစ်ကောင်စီကို တတ်နိုင်သည့်ဘက်မှနေ၍ တက်ကြွစွာ တွန်းလှန်တိုက်ခိုက်ပေးကြဖို့ ရွှေဘိုင်ခရိုင်အမှတ် ၁၂ တပ်ရင်းက တိုက်တွန်းနှိုးဆော်ထားသည်။

ပုံစာ-ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေး ရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲပြီးနောက် မြင်ကွင်း။
#ဒီပဲယင်း #အိုးထိန်းတွင်းရွာ #စာသင်ကျောင်း #လေကြောင်းတိုက်ခိုက် #အစုလိုက်အပြုံလိုက်သတ်ဖြတ် #စစ်ကောင်စီ #အပြစ်ပုံချ #Ayeyarwaddy_Times